အင်တာနက်ဆက်သွယ်မှု ပိုမိုကောင်းမွန်လာရေး အလေးလံဆုံး ဂြိုဟ်တုကို အိန္ဒိယလွှတ်တင်

အင်တာနက် ဆက် သွယ်ရေးများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး ပြင်သစ် ဒုံးပျံဖြင့် လွှတ်တင်ခဲ့သော အိန္ဒိယ နိုင်ငံ၏ အလေးလံဆုံးဂြိုဟ်တု သည် ကမ္ဘာ့ဂြိုဟ်ပတ်လမ်းအ တွင်း ရောက်ရှိခဲ့သည်။

၅,၈၅၄ ကီလိုဂရမ်လေး သော GSAT-11 ဂြိုဟ်တုသည် အိန္ဒိယနိုင်ငံ၏ အဆင့်အမြင့်ဆုံး ကြိမ်နှုန်းပေါင်းစုံပါ ဆက်သွယ် ရေး ဂြိုဟ်တုဖြစ်သည်။

ယင်းဂြိုဟ်တုကို အိန္ဒိယ အာကာသ သုတေသနအဖွဲ့ (Isro) က ပြင်သစ်ဂူယာနာဒေသ ရှိ ကူရူးအာကာသယာဉ် လွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့သည်။

ယင်းဂြိုဟ်တုသည် ဒီဇင် ဘာလကုန်တွင် စတင်အလုပ်လုပ်မည်ဟု မျှော်လင့်ထားသည်။

ယင်းဂြိုဟ်တုသည် နိုင်ငံအတွက် Broadband အင်တာနက် ဝန်ဆောင်မှုများ ထောက်ပံ့ရာတွင် အလွန်အရေးပါ မည်ဟု Isro အကြီးအကဲ ကေ၊ ဆီဗန်က ပြောသည်။

အဆိုပါ ဂြိုဟ်တုသည် အိန္ဒိယနိုင်ငံတွင် မြေပြင်လိုင်းများ သွယ်တန်းထားခြင်းမရှိသော ဝေးလံသည့် ဒေသများသို့ အင်တာနက်ဝန်ဆောင်မှု ရောက်စေမည် ဖြစ်ကာ အရေးပေါ်နှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်မည်ဟု သိပ္ပံပညာရှင်များက ပြောသည်။

ထို့အပြင် အိန္ဒိယနိုင်ငံတွင် လေကြောင်းဖြင့် ခရီးသွားသူများအင်တာနက်ဝန်ဆောင်မှု ချိတ် ဆက်နိုင်မည်ဖြစ်သည်။

(၁၅)နှစ်ကြာ ဝန်ဆောင်မှုများ ပေးနိုင်မည်ဟု မျှော်လင့်သော ယင်းလေးလံသည့် ဂြိုဟ်တုလွှတ်တင်ရန် အိန္ဒိယနိုင်ငံ၌ ဒုံးပျံမရှိသောကြောင့် ပြင်သစ်ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် အင်တာနက် သုံးစွဲသူ သန်း ၄၄၀ ရှိပြီး ယင်းမှာ ၂၀၂၂ တွင် နှစ်ဆရှိလာမည်ဟု မျှော်လင့်သည်။

သို့သော် အင်တာနက် အမြန်နှုန်းနှေးကွေးခြင်းနှင့် မြေပြင်ကြိုးလိုင်း သွယ်တန်းခြင်းမရှိသော နေရာများတွင် အင်တာနက် မသုံးနိုင်သေးကြောင်း သိရသည်။

—Ref: BBC