ကန်-မက္ကစီကို နယ်စပ်ပိတ်ဖို့ သမ္မတ Trump ခြိမ်းခြောက်

လက်တင်အမေရိက နိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုထဲ ၀င်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အထောက်အထားမဲ့ လူတွေကို အမေရိကန်အစိုးရအနေနဲ့ မဟန့်တားနိုင်ဘူးဆိုရင်၊ တနေ့ကို ဒေါ်လာ ၁.၆ ဘီလီယံဖိုး ကုန်သွယ်မှုရှိနေတဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်မယ်လို့ သမ္မတ Donald Trump က မနေ့ ကြာသပတေးနေ့မှာ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

ကျေးဇူးတော်နေ့ အားလပ်ရက်အတွက် ဖလော်ရီဒါပြည်နယ်က သူပိုင် အပန်းဖြေအိမ်ယာ Mar-a-Lago ကနေ သမ္မတ Trump က သတင်းထောက်တွေကို အဲဒီလိုပြောဆိုလိုက်တာပါ။ တခါ အဲဒီလို တရားမ၀င် ၀င်ရောက် လာနိုင်ခြေရှိတဲ့ သူတွေကို ဟန့်တားရေး မက္ကဆီကို နယ်စပ်ကို စေလွှတ်ထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကိုလည်း လိုအပ်ရင် လက်နက်သုံးခွင့်ပြုထားတယ်ဆိုတဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis ရဲ့ ဗုဓ္ဒဟူးနေ့က ပြောဆိုချက် ကိုလည်း သမ္မတ Trump က အတည်ပြု ပြောဆိုသွားတာပါ။

သမ္မတ Trump ဟာသူရာထူးစတင်ယူကတည်းက ရှေ့တန်းက တပ်ဖွဲ့တွေဆီ သွားရောက်လည်ပတ်ခြင်း မရှိဘူး ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ အာရှ ပစိဖိတ်ဒေသမှာ တာဝန် ထမ်းဆောင်နေတဲ့ အမေရိကန် တပ်ဖွဲ့တွေကို တယ်လီဖုန်းဆက်ပြောဆိုတာကို ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီလို တယ်လီဖုန်း ဆက်ပြီးတဲ့ နောက်မှာပဲ အမေရိကန်မက္ကဆီကို နယ်စပ်နဲ့ပတ်သက်ပြီး သမ္မတ Trump ရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်ပြည်တွင်း တရားဥပဒေစိုးမိုးရေးလုပ်ရပ်အတွက် စစ်ရေးအသုံးပြုခွင့်ကို ကန့်သတ်ပိတ်ပင်ထားတဲ့ နှစ်ပေါင်း ၁၃၀ ရှိပြီဖြစ်တဲ့ ဥပဒေကို ချိုးဖောက်နိုင်ခြေရှိနေတယ်ဆိုပြီး အငြင်းပွါးမှုတွေ ထွက်ပေါ်နေချိန်မှာပဲ မက္ကဆီကိုနယ်စပ်ကို ရောက်နေကြတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅၈၀၀ တို့ကတော့ သံဆူးကြိုးအကာအရံတွေ ချထားတဲ့ ဘေးမှာယာယီ တဲတွေထိုးပြီး ကျေးဇူးတော်နေ့ အခမ်းအနားကို ဆင်နွှဲခဲ့ကြပါတယ်။

-Ref: VOA