နယ်စပ်တွင် စစ်ရိပ်စစ်ငွေ့ ကင်းစင်စေရေး ကိုရီးယား နှစ်နိုင်ငံနှင့် ကုလသမဂ္ဂ ဆွေးနွေး

နှစ်နိုင်ငံ နယ်စပ်တွင် စစ်ရိပ်စစ်ငွေ့ ကင်းစင်ရေးအတွက် တောင်နှင့်မြောက် ကိုရီးယားတို့က ကုလသမဂ္ဂနှင့် ညှိနှိုင်း ဆွေးနွေးမှုများ စတင်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက်က အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ကိုယ်စားလှယ်များက ကိုရီးယား နှစ်နိုင်ငံနှင့် ပူးပေါင်း၍ ယခုကိစ္စကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်အနီးရှိ ပန်မွန်ဂျောင်မ် ငြိမ်းချမ်းရေး ကျေးရွာတွင် ကိုရီးယား နှစ်နိုင်ငံနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များ ဆွေးနွေးကြခြင်းဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကိုရီးယား နှစ်နိုင်ငံကြား နယ်နိမိတ်ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားပြီး နှစ်ဖက်စလုံးမှ စစ်အင်အား ထူထပ်စွာ ဖြန့်ကျက် စောင့်ကြည့်လျက်ရှိသည်။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာ သည့်နောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုဧရိယာတွင် မြှုပ်နှံထားသော မိုင်းများကို တောင်ကိုရီးယားရော၊ မြောက်ကိုရီးယားကပါ ရှင်းလင်းလျက် ရှိကြသည်။

၁၉၇၆ ခုနှစ်က စစ်မဲ့ဇုန် သတ်မှတ် ဧရိယာတွင် သစ်ပင်ခုတ်ရန် ကြိုးစားသူ နှစ်ဦးကို မြောက်ကိုရီးယား စစ်သားများက တိုက်ခိုက်ရာမှ နောက်ဆက်တွဲ ဖြစ်ရပ်အနေဖြင့် အမေရိကန် စစ်သည် နှစ်ဦး သေဆုံးခဲ့ဖူးသည်။ နှစ်နိုင်ငံ နယ်စပ်တွင် လက်နက်ကိုင် စစ်တပ်များ ဖြန့်ကျက်ခြင်းကို ရပ်ဆိုင်းရန်အတွက် စနစ်တကျ ညှိနှိုင်းမှုများကို အမေရိကန်နှင့် ကုလသမဂ္ဂတို့က ကြားဝင် အကြံပြု နှီးနှော တိုင်ပင်ခဲ့ခြင်း ဖြစ်သည်။

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅၀ မှ ၁၉၅၃ ထိ ဖြစ်ပွားသည့် ကျွန်းဆွယ် စစ်ပွဲ အပြီး၌ အပစ်အခတ် ရပ်စဲခဲ့သော်လည်း ငြိမ်းချမ်းရေး စာချုပ်ထားခြင်း မရှိသောကြောင့် ယနေ့တိုင် စစ်ဖြစ်နေဆဲဟု ယူဆနိုင်မည် ဖြစ်သည်။

-Ref: CNA