မြန်မာယူ-၂၃ ဘောလုံးအသင်း ပဏာမလူစာရင်းထုတ်ပြန်

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲအတွက်  ပြင်ဆင်မည့် ပဏာမမြန်မာယူ-၂၃ ဘောလုံး အသင်းတွင် အသက်ကျော်သည့် ကစားသမား လေးဦး ထည့်သွင်းရွေးချယ်ထားသည်။

ဇူလိုင် ၁၆ ရက်က နည်းပြချုပ် အန်တွမ်နီဟေး ထုတ်ပြန်သည့် ပဏာမမြန်မာယူ-၂၃ အသင်းတွင် ကစားသမား ၂၆ ဦး ပါဝင်ပြီး အတွေ့အကြုံရင့် ကစားသမားများနှင့် လူငယ်ကစားသမားများ ပေါင်းစပ်ရွေးချယ်ထားသည်။ ပဏာမယူ-၂၃ အသင်းတွင် အသက်ကျော်သည့် ကစားသမားများဖြစ်သည့် ဂိုးသမား ကျော်ဇင်ထက်၊ နောက်တန်း ကစားသမား ဇော်မင်းထွန်း၊ ကွင်းလယ် ကစားသမား ရဲကိုဦးနှင့် ရှေ့တန်းကစားသမား ဒွေးကိုကိုချစ် တို့ကို ထည့်သွင်းရွေးချယ်ထားသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် သြဂုတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အာရှအားကစားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မန္တလေးမြို့၌ Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်သည်။

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို သြဂုတ် ၁ မှ ၅ ရက်အထိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာယူ-၂၃ ၊ တောင်ကိုရီးယား ယူ-၁၉၊ ဘာရိန်းယူ-၂၃ နှင့် ထိုင်းယူ -၂၃ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာယူ-၂၃ အသင်းသည် ဇူလိုင် ၂၃ ရက်တွင် မန္တလေး၌ စတင်လေ့ကျင့်မည်ဖြစ်သည်။ လေးနိုင်ငံပြိုင်ပွဲမတိုင်မီ ပဏာမ ကစားသမား ၂၆ ဦးစာရင်းမှ ၂၃ ဦးစာရင်းအထိ လျှော့ချမည်ဖြစ်ပြီး ပြိုင်ပွဲအပြီး၌ နောက်ဆုံးအဆင့် ၂၀ ဦး စာရင်းထုတ်ပြန်မည်ဖြစ်ကြောင်း အန်တွမ်နီဟေးက ဆိုသည်။

၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် မြန်မာယူ-၂၃ အသင်း သည် အုပ်စု(စ)၌ ဆော်ဒီ၊ အီရန်၊ မြောက်ကိုရီးယား အသင်းတို့နှင့် ကျရောက်နေသည်။

ပဏာမ မြန်မာယူ-၂၃ ဘောလုံးအသင်း

ဂိုး ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်း၊ အေဇင်မှူး

နောက်တန်း – ဇော်မင်းထွန်း၊ နန္ဒကျော်၊ စိုးမိုးကျော်၊ ရဲရင့်အောင်၊ ၀င်းမိုးကျော်၊ တေဇော်လင်း၊ ထိုက်ထိုက်အောင်၊ မင်းကျော်ခန့်၊ ဟိန်းဖြိုးဝင်း

အလယ်တန်း – မြတ်ကောင်းခန့်၊ မျိုးကိုထွန်း၊ စည်သူအောင်၊ ရှိုင်းသူရ၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ ရဲကိုဦး
ရှေ့တန်း – အောင်သူ၊ ဒွေးကိုကိုချစ်၊ ထက်ဖြိုးဝေ၊ မောင်မောင်စိုး၊ အီစိုး