ထရန့်၏ပိုင်ဆိုင်မှုများ ဒေါ်လာသန်း ၆၀၀ လျော့ကျသွားကြောင်း ဖို့ဘ်စ်၏ ချမ်းသာသူများစာရင်း၌ ဖော်ပြ

အမေရိကန်မှ အချမ်းသာဆုံးပုဂ္ဂိုလ်များသည် ပိုမိုချမ်းသာလာကြသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပိုင်ဆိုင်မှုများမှာမူ ဒေါ်လာသန်း ၆၀၀ လျော့ကျကာ ဒေါ်လာ ၃ ဒသမ ၁ ဘီလျံသာရှိတော့သည်ဟု ဖို့ဘ်စ်မဂ္ဂဇင်းက အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဘီလျံနာ ၄၀၀ စာရင်းအရ သိရသည်။

အောက်တိုဘာ ၁၇ ရက်က ၀ါရှင်တန်ရှိ ဟိုတယ်တွင် အခွန်စနစ်ပြုပြင်ပြောင်းလဲရေး မိန့်ခွန်းပြောနေသော သမ္မတထရန့် (Photo: AFP)

မိုက်ခရိုဆော့ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်သည် ဒေါ်လာ ၈၉ ဘီလျံဖြင့် စာရင်း၏ ထိပ်ဆုံးတွင် ၂၄ နှစ် ဆက်တိုက် ရပ်တည်နေသည်။ ဒုတိယနေရာတွင်ရှိနေသူမှာ အမေဇုန်မှ ဂျက်ဖ်ဘီဇော့ဖြစ်ပြီး ဒေါ်လာ ၈၁ ဒသမ ၅ ဘီလျံ ပိုင်ဆိုင်ထားသည်။ သို့ သော်ထရန့်မှာမူ အဆင့် ၂၄၈ သို့ ကျဆင်းသွားပြီး Snap လုပ်ငန်းအား ပူးတွဲတည်ထောင်သူနှင့် စီအီးအိုဖြစ်သူ အီဗန်စပီဂယ်နှင့် အဆင့်တူနေခဲ့သည်။ အသက် ၂၇နှစ်အရွယ် စပီဂယ်မှာ ဘီလျံနာစာရင်းထဲမှ အသက်အငယ်ဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။

နယူးယောက်၏အိမ်ခြံမြေဈေးကွက် အခြေအနေ အားနည်းခြင်းကြောင့် ထရန့်၏ပိုင်ဆိုင်မှုများ ယုတ်လျော့ သွားရခြင်း ဖြစ်သည်ဟု ဖို့ဘ်စ်က ယူဆနေသည်။ မန်ဟက်တန်သူဌေး ထရန့်သည် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသည့် ၂၀၁၆ ခုနှစ် က အဆင့် ၁၅၆ တွင် ရှိနေသေးသည်။

နှစ်စဉ်ထုတ်ပြန်သော အချမ်းသာဆုံး အမေရိကန် ၄၀၀ ၏ ၃၆ ကြိမ်မြောက် ယခုစာရင်းသည် စုစုပေါင်းပိုင်ဆိုင်မှု ဒေါ်လာ ၂ ဒသမ ၇ ထရီလျံဖြင့် အများဆုံး စံချိန်ချိုးသွားခဲ့သည်ဟု ဖို့ဘ်စ်က ဆိုသည်။ ယခုနှစ်တွင်  Netflix ပူးတွဲတည်ထောင်သူနှင့် စီအီး အိုဖြစ်သော ရိဒ်ဟတ်စတင်း အပါအ၀င် စာရင်းထဲသို့ အသစ်ဝင်လာသူ ၂၂ ဦး ရှိပြီးစာ ရင်းထဲမှ ထွက်သွားသူ ၂၆ ဦး ရှိသည်ဟု သိရသည်။

ထိုစာရင်းတွင် အမျိုးသမီး ၅၀ ဦးသာ ပါဝင်ပြီး Wal-Mart တည်ထောင်သူ ဆမ်ဝေါတန်သမီး အဲလစ်ဝေါတန်သည် အမျိုးသမီးများထဲတွင် အမြင့်ဆုံးအဖြစ် အဆင့် ၁၃ တွင် ရပ်တည်နေသည်။ Facebook မှ မက်ဇက်ကာဘက်၏ ပိုင်ဆိုင်မှုများသည် ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ မြင့်တက်လာကာ စုစုပေါင်းဒေါ်လာ ၇၁ ဘီလျံ ဖြစ်သွားပြီး စာရင်း၏ နံပါတ်လေးနေရာတွင် ဆက်လက် ရပ်တည်နေသည်။

(Eleven)