ဥပဒေနှင့်အညီ နေထိုင်သည့် မွတ်စလင်ကျေးရွာများကို စောင့်ရှောက်ထားကြောင်း ကာကွယ်ရေးဝန်ကြီးပြော

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ဥပဒေနှင့်အညီနေထိုင်သည့် မွတ်စလင် ကျေးရွာများစွာ ကျန်ရှိနေပြီး ၎င်းတို့ကို ကောင်းမွန်စွာ စောင့် ရှောက်ထားကြောင်း ကာကွယ် ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုး သားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမှု အ ခမ်းအနားသို့ တက်ရောက်လာ သည့် ကာကွယ်ရေးဝန်ကြီးအား သတင်းထောက်တစ်ဦးက ARSA အကြမ်းဖက်အဖွဲ့များသာမက ဒေသခံများ အပေါ် ပစ်မှတ်ထား ရှင်လင်းခြင်း ရှိ၊ မရှိ မေးမြန်းရာ၎င်းက ယင်းသို့ထည့်သွင်းပြော ကြားခဲ့သည်။

‘‘တရားဥပဒေနဲ့ညီတဲ့သူတွေကို ဘာမှလုပ်စရာမရှိပါဘူး။ အဲဒီမှာမွတ်စလင်ရွာတွေလည်း အများကြီးကျန်ပါ တယ်။ သူတို့ကိုလည်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးနေပါတယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။ တရားဥပဒေနှင့်အညီ နေထိုင်သူများကို စောင့်ရှောက်ပေးရန်သာရှိပြီး ဥပဒေနှင့်မညီသည့် အပြစ်ရှိ သူများကို အရေးယူမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး က ပြောကြားသည်။

နိုင်ငံတကာမီဒီယာစာမျက်နှာများတွင် ဖော်ပြသကဲ့သို့ မြန်မာအစိုးရက ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ် သည်ဆိုသော ရေးသားချက်များသည် မှန်ကန်မှုမရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင် သူများ၏ ပြောင်းပြန် ပြောစကားများကိုသာ ရေးသားဖော်ပြနေကြောင်း ကာကွယ်ရေးဝန်ကြီးက သတင်းထောက်များအား တုံ့ပြန် ပြောကြားသည်။ ‘‘ARSA (အကြမ်းဖက်အဖွဲ့) ဟာ ဇာတ်လမ်းဆင်တာပေါ့။ ဇာတ်လမ်းဆင်ပြီးတော့ သူတို့က စလည်းလုပ်တယ်။ ပြီးတဲ့အခါကျတော့ သူတို့ကထွက်ပြေးတယ်။ သူတို့ကပြောတဲ့အခါ စကား ပေါက်တဲ့အခါ ကျတော့ ကမ္ဘာက ဘယ်လိုထင်လဲဆိုတော့ သူတို့အပေါ်မှာ သနားတယ်။ အမှန်က သူတို့သတ်ဖြတ်သွားတဲ့ မြိုတွေ၊ ဒိုင်းနက်တွေ၊ ရခိုင်တွေနဲ့ တကယ်အသတ်ခံရတဲ့သူတွေကျတော့ မသိဘူး။ Ethnic Cleaning အလုပ်ခံ ရတာက ကျွန်တော်တို့ တိုင်းရင်း သားတွေဖြစ်ပါတယ်။ အဲဒါကို သူတို့က ပြောင်းပြန်ပြောတဲ့အခါ ကျတော့ ကမ္ဘာက ပြောင်းပြန်မြင် နေတယ်’’ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် ကာကွယ်ရေးဝန် ကြီးက တပ်မတော်အနေဖြင့် အ ကြမ်းဖက်ခံရသော ဒေသများတွင်လူ့အခွင့်အရေး ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်များကို ‘‘အဲဒါလည်းမှားပါတယ်။ လုံးဝချိုး ဖောက်တာမရှိပါဘူး’’ဟု ပြော သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် စက်တင်ဘာ ၅ ရက် ကစ၍ နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများမရှိတော့ကြောင်းနှင့် ရခိုင်ဒေသတွင် မွတ်စလင် ၅၀ရာခိုင်နှုန်း ကျော် သည် နယ်စပ်ဖြတ်ကျော်၍ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုဘဲ အေးချမ်းစွာနေထိုင်နေကြောင်း သံတမန်များ အား ပြောကြားခဲ့သည်။ အကြမ်းဖက်ခံရသည့်ဒေသများတွင် စစ်အင်အားသုံးစွဲမှုနှင့် ပတ်သက်သော မေးခွန်းကို တပ်မတော်က အင်အားသုံးနှိမ်နင်းခြင်း မရှိကြောင်းနှင့် လိုသလောက်သာ ထိန်းထိန်းသိမ်းသိမ်း အသုံးပြု ကြောင်း ဝန်ကြီးကဆိုသည်။

ဆက်လက်၍ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ရပ်တည် ချက်နှင့်ပတ်သက်၍ အိမ်နီးချင်းကောင်းနိုင်ငံဟု မှတ်ချက်ပြုပြီး ရခိုင်အရေးကို နားလည်သူများက မြန်မာအစိုးရ ဘက်ကရှိမည်ဟု ယုံကြည် ကြောင်း ပြောကြားသည်။