ပက်ခ်ဂွမ်ဟေးကို တောင်ကိုရီးယား သမ္မတအဖြစ်မှ ဖယ်ရှားရန် တရားရုံး ဆုံးဖြတ်

တရားရုံး အဆုံးအဖြတ်အရ ပက်ခ်ဂွမ်ဟေးသည် ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးချယ် တင်မြှောက်ခံရသော်လည်း ရာထူးမှ ဖယ်ရှားခံရသည့် ပထမဆုံး တောင်ကိုရီးယား သမ္မတ ဖြစ်လာတော့မည်ဟု သိရသည်။

 

အဂတိလိုက်စားမှု စွဲချက်နှင့် ပတ်သက်၍ ပက်ခ်သည်လည်း ပါဝင်ဆက်စပ်မှုရှိနေကြောင်း စွပ်စွဲခံရပြီး ရာဇဝတ် ကြောင်းအရ တရားစွဲဆိုရန် လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှုကို တရားရုံးကပါ အတည်ပြုလိုက်ပြီ ဖြစ်သည်။ ပက်ခ် သည် သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆီလ်၏ အရှုပ်တော်ပုံတွင် ပါဝင်ဆက်နွှယ် အမှုပတ်ခဲ့ခြင်း ဖြစ်သည်။

ပက်ခ်သည် သမ္မတရာထူးမှဖယ်ရှားခံလိုက်ရပြီဖြစ်သောကြောင့် တောင်ကိုရီးယားတွင် မေလဆန်း၌ ရွေးကောက်ပွဲ ကျင်းပပြီး သမ္မတသစ်တစ်ဦး ရှာဖွေရတော့မည် ဖြစ်သည်။ တရားရုံး ဆုံးဖြတ်ချက်ကြောင့် ပက်ခ်သည် သမ္မတ အခွင့်အာဏာအရ ဥပဒေကြောင်း အကာအကွယ်ရထားမှုများပါ အလိုအလျောက် ဆုံးရှုံးမည်ဖြစ်ပြီး ရာဇဝတ် ကြောင်း တရားစွဲဆိုမှုပါ ခံရဖွယ် ရှိနေသည်။

ချွိုင်၏ အမှုမှာ ရှုပ်ထွေး နက်နဲလာခဲ့ပြီး တောင်ကိုရီးယား၏ အကြီးမားဆုံး စီးပွားရေး လုပ်ငန်းစုကြီး Samsung၏ ခေါင်းဆောင်ပိုင်းနှင့်ပါ ဆက်စပ်လာခဲ့သည်။ လက်ရှိ အချိန်တွင်မူ ပက်ခ်ရော၊ ချွိုင်ကပါ ၎င်းတို့အနေဖြင့် မည်သည့် အမှားအယွင်းမျှ ကျူးလွန်မထားကြောင်း အစဉ်တစိုက် ငြင်းဆိုထားသည်။

ပက်ခ်သည် လွှတ်တော်တွင်း မဲပေးဆုံးဖြတ်ချက်အရ ယခုအမှုအတွက် စစ်ဆေးမှုများ ခံယူခဲ့ရပြီး ဒီဇင်ဘာလ ကတည်းက သမ္မတ ရာထူးတာဝန်များမှ ဆိုင်းငံ့ခံထားရသည်။ ယခုအခါတွင်မူ တရားသူကြီး ရှစ်ဦးပါဝင်သည့် အထူးခုံအဖွဲ့က ပက်ခ်ကို သမ္မတ ရာထူးမှ ဖယ်ရှားစေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆိုးလ်မြို့ရှိ တရားရုံး အဆောက်အအုံရှေ့တွင် ပက်ခ်ကို ဆန့်ကျင်သူများ စုရုံးပြီး တရားရုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းခဲ့ကြသည်။ ပက်ခ်သည် အစိုးရ၏ အရေးကြီး လျှို့ဝှက်အဆင့် မှတ်တမ်းမှတ်ရာများကို ချွိုင်ထံသို့ ပေါက်ကြားစေခဲ့ခြင်းမှာလည်း လက်ခံနိုင်ဖွယ် မရှိသည့် စည်းဖောက်မှု တစ်ရပ်ဟု တရားရုံးက ပြောကြားခဲ့သည်။

ပက်ခ်သည် တောင်ကိုရီးယားတွင် ပထမဆုံး အမျိုးသမီးသမ္မတအနေဖြင့် မှတ်တမ်းဝင်ခဲ့သော်လည်း ယခု အရှုပ် အထွေး ပြဿနာများကြောင့် ပြည်သူ့ထောက်ခံမှု ဆိုးဆိုးရွားရွား ကျဆင်းသွားခဲ့သည်။ Ref: BBC