ထရမ့်လက်ထက်တွင် မြောက်ကိုရီးယား အရာရှိများကို ဝါရှင်တန်သို့ ခေါ်ယူဆွေးနွေးဖွယ် ရှိဟုဆို

အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့် ညှိနှိုင်းမှုများပြုလုပ်ရန်အတွက် မြောက်ကိုရီးယားအစိုးရအရာရှိများ ကို ဝါရှင်တန်သို့ ခေါ်ယူတွေ့ဆုံနိုင်သည့် အလားအလာရှိနေကြောင်း သိရသည်။

မြောက်ကိုရီးယားအစိုးရ ထိပ်တန်းအရာရှိများကို ဝါရှင်တန်သို့ဖိတ်ကြားကာ အမေရိကန်အစိုးရ၏ အရာရှိ ဟောင်းများနှင့် ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်စေရန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ အစိုးရသစ်က စီစဉ်နေကြောင်း Washington Post သတင်းစာက ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါအစီအစဉ် အထမြောက်ခဲ့မည်ဆိုပါက ငါးနှစ်ကျော်မျှကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံ အရာရှိများ မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုး ပေါ်ပေါက်လာမည်ဟုဆိုသည်။ ထိုဆွေးနွေးမှုမျိုးသည် မြောက်ကိုရီး ယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် ထရမ့်၏ အစိုးရတို့ကြား လိုလိုလားလား ဆက်သွယ်ဆွေးနွေးမှုမျိုး ရှိနိုင် ကြောင်း အထင်ရှားဆုံး ခြေလှမ်းဟုလည်း ယူဆရမည် ဖြစ်သည်။

သို့သော် အဆိုပါဆွေးနွေးပွဲ အစီအစဉ်သည် ကနဦးအဆင့် စဉ်းစားဆန်းစစ်ဆဲ အခြေအနေတွင်သာ ရှိသေး ကြောင်းလည်း Washington Postက ဖော်ပြခဲ့သည်။ သတင်းစာက ထိုအစီအစဉ် ဖော်ဆောင်ရေး ညှိနှိုင်းနေ သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အများအပြားကို ဆက်သွယ်ချိတ်ဆက်၍ ယခုသတင်းကို ဖော်ပြခဲ့ခြင်းဟု သိရသည်။

ထို့အပြင် ဆွေးနွေးပွဲတက်ရောက်ရန် မြောက်ကိုရီးယား အစိုးရအရာရှိများအတွက် ဗီဇာခွင့်ပြုချက်ကိုလည်း လက်ရှိအချိန်ထိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မီးစိမ်းမပြသေးဟု ဆိုသည်။

အိမ်ဖြူတော် အရာရှိ တစ်ဦးကမူ လတ်တလောတွင် အမေရိကန် အစိုးရအနေဖြင့် မြောက်ကိုရီးယား တာဝန် ရှိသူများနှင့် တွေ့ဆုံရန် အစီအစဉ် လုံးဝမရှိသေးကြောင်း ငြင်းချက်ထုတ်ထားသည်။

ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း မြောက်ကိုရီးယားက နျူကလီးယားလက်နက်နှင့် ဒုံးကျည်နည်းပညာ အဆင့်မြှင့် တင်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည့်နောက် ကုလသမဂ္ဂနှင့် အမေရိကန် အစိုးရတို့က ပိတ်ပင် အရေးယူမှုများ မြှင့်တင်ခဲ့ပြီး အမေရိကန်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးမှာလည်း ပိုမိုတင်းမာလာခဲ့သည်။

Ref: Washington Post