အသံထက် ၁၀ ဆ မြန်တဲ့ ရုရှားဒုံးကျည်ကို အမေရိကန်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ပစ်ချလိုက်ကြောင်း ယူကရိန်းပြောကြား

ယခုသီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြို့တော်ကိဗ်အားတိုက်ခိုက်မှုတစ်ခုအတွင်း အသံထက် ဆယ်ဆမြန်တဲ့ ရုရှား ဒုံးကျည်တစ်စင်းကို ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချလိုက်တယ်လို့ ယူကရိန်းလေတပ်က စနေနေ့က ပြောကြားပါတယ်။
ရုရှားဘာသာနဲ့ ဓားမြှောင်လို့ အဓိပ္ပါယ်ရတဲ့ ကင်ဇယ် ဒုံးကျည်က ရုရှားရဲ့ မျိုဆက်သစ်လက်နက်ခြောက်မျိုးထဲမှာ ပါဝင်ပြီး ၂၀၁၈ ခုနှစ်မှာ အဲဒီလက်နက်ကို မိတ်ဆက်ခဲ့ချိန်တုန်းက ကမ္ဘာပေါ်က ဘယ်‌လေကြောင်းရန် ကာကွယ်ရေးစနစ်ကမှ ပစ်ချနိုင်မှာ မဟုတ်ကြောင်း သမ္မတ ပူတင် က ဝံ့ကြွားခဲ့တဲ့ လက်နက် ဖြစ်ပါတယ်။
Kh-47 Kinzhal ဒုံးကျည်အား ကြာသာပတေးနေ့ညက ကိဗ်မြို့ဝန်းကျင်မှာ ပစ်ချခဲ့ကြောင်း ယူကရိန်းလေတပ်မှ တပ်မှူးမိုင်ကိုလာအိုလက်ချက် က ပြောကြားပြီး ဒုံးကျည်ကို အမေရိကန် ပက်ထရီယော့လေကြောင်းရန် ကာကွယ်ရေးစနစ် နဲ့ ပစ်ချလိုက်တာဖြစ်ကြောင်း ယူကရိန်းလေတပ်ကပြောကြားပါတယ်။
“ ဒီသမိုင်းဝင် ဖြစ်ရပ်နဲ့ပတ်သက်ပြီး ယူကရိန်းပြည်သူတွေကို ဂုဏ်ပြုချင်ပါတယ်။ ပြိုင်ဘက်ကင်းတဲ့ ကင်းဇယ် ဒုံးကျည်ကို ကျွန်တော်တို့ပစ်ချခဲ့ပါတယ်”လို့ လေတပ် အကြီးအကဲ က အင်စတာဂရမ် အက်ပ်ကနေ ပြောပါတယ်။
အမေရိကန် ရဲ့ ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် က နည်းပညာမြင့် လေကြောင်း ကာကွယ်ရေးစနစ်ဖြစ်ကာ ဓာတ်အားပေးစက်ရုံတွေလို မရှိမဖြစ် အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားတဲ့ ရုရှားရဲ့လေကြောင်းက တိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ရေး အနောက်တိုင်း က ယူကရိန်းကို ပေးအပ်ထားတာဖြစ်ပါတယ်။
-Ref:Reuters/jo