အကြမ်းဖက်မှုရာဇ၀တ်မှုကျူးလွန်သူ အကျဉ်းသား ၃၇ ဦးအား ဆော်ဒီခေါင်းဖြတ်ကွပ်မျက်

ကမ္ဘာပေါ်တွင် ကွပ်မျက်မှုအများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော ဆော်ဒီအာရေးဗီးယားတွင် အကြမ်းဖက် ဝါဒကြောင့် ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် နိုင်ငံသား ၃၇ ဦးကို ကွပ်မျက်ခဲ့ကြောင်း ဆော်ဒီအာရေးဗီးယားက ပြော သည်။  ယင်းကွပ်မျက်မှုများကို ရီးယာ့ဒ်မြို့၊ မွတ်စလင်တို့ အထွတ်အမြတ်ထားရာ မက္ကာမြို့နှင့် နိုင်ငံ၏ လူနည်းစု ရှီးဟိုက်မွတ် စလင်များ နေထိုင်ရာ အရှေ့ပိုင်း ပြည်နယ်၊ အလယ်ပိုင်း ကာဆင် ပြည်နယ်နှင့် မီဒီနာမြို့တို့တွင် ပြုလုပ်ခြင်းဖြစ်သည်။ ယင်းအမျိုးသားများသည် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်အတွေးအခေါ်များ လက်ခံကျင့်သုံးခြင်း၊ လုံခြုံရေး အကျင့်ပျက်စေရန် မတည်မငြိမ်ဖြစ်စေရန် အကြမ်းဖက်အဖွဲ့များ တည်ထောင်ခြင်းတို့ကြောင့် ကွပ်မျက်ခံရခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် SPAသတင်း၏ ကြေညာချက်တစ်ရပ်၌ ဖော်ပြသည်။  ၎င်းတို့အနက် တစ်ဦးကို ကွပ်မျက်ပြီးနောက် ကားစင်တင်ခဲ့ကြောင်း ယင်းကြေညာချက်က ဖော်ပြသည်။ အထူးသဖြင့် ပြင်းထန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ် ပေးမှုဖြစ်သည်။

အလွန်ရှေးရိုးဆန်သော ဆော်ဒီအာရေးဗီးယားတွင် ကွပ်မျက်မှုကို အစဉ်သဖြင့် ခေါင်းဖြတ်သတ်၍ အပြစ်ပေးလေ့ ရှိသည်။ ယခုနှစ်ပိုင်းကတည်းက ယင်းနိုင်ငံတွင် ကွပ်မျက်ခံရသူ ၁၀၀ ထက်မနည်းရှိကြောင်း SPA က ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့်နှစ်က ဆော်ဒီအာရေးဗီးယားတွင် သေဒဏ်ပေးမှု ၁၄၉ ခုရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ဖော်ပြချက်အရ သိရပြီး အီရန် တစ်နိုင်ငံတည်းသာ ယင်းထက် ကွပ်မျက်မှုအရေအတွက် ပိုများသည်။

တင်းကျပ်သော အစ္စလာမ်မစ် ဥပဒေပုံစံဖြင့် အုပ်ချုပ်သော ဆော်ဒီတွင် အမှုစစ်ဆေးခြင်းများ ၏ တရားမျှတမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက အကြိမ်ကြိမ်ြေ ပာကြားထားသည်။

အကြမ်းဖက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ လက်နက်ကိုင်လုယက်မှု နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု ကျူးလွန်သူများ သေဒဏ်ပေးခံရပြီး ယင်းမှာ နောက်ထပ်ရာဇဝတ်မှု မကျူးလွန်စေရေး တားမြစ်မှု တစ်ခုဟု အစိုးရက ပြောကြားသည်။

—Ref: AFP