နယူးယောက်တွင် သူလျှိုမှု သံသယဖြင့် တရုတ်နွယ်ဖွား ၂ ဦး အဖမ်းခံရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ  တရုတ်သူလျှိုရဲဌာန လျှို့ဝှက်ဖွင့်လှစ်ရာမှာ ပါဝင်ကူညီမှုစွဲချက်နဲ့ အမျိုးသား ၂ ယောက်ကို အမေရိကန် အာဏာပိုင်တွေက တနင်္လာနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အခု လျှိုဝှက်ရဲဌာနဖွင့်လှစ် မှုနဲ့ပတ်သက်ပြီး တရုတ်အမျိုးသား ရဲတပ်ဖွဲ့ဝင် ရဲအရာရှိ ၃၀ ကျော်ကို အမေရိကန် အာဏာပိုင်တွေဘက်က စွဲချက်တင်ထားပါတယ်။

အဲဒီအရာရှိတွေကို အမေရိကန်ပြည်တွင်းမှာနေထိုင်တဲ့ တရုတ်အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေကို ဆိုရှယ်မီဒီယာကတစ်ဆင့် ခြိမ်းခြောက်နှောင့်ယှက်တယ်ဆိုတဲ့ စွဲချက်နဲ့ စွပ်စွဲထားတာပါ။ ဖမ်းမိထားတဲ့ အမျိုးသား ၂ ယောက်ဟာ အသက် ၆၁ နှစ်အရွယ် ဟယ်ရီလူ ကျန်းဝေါင် နဲ့ အသက် ၅၉ နှစ်အရွယ် ချန်ကျင်းပင်း တို့ဖြစ်ကြပြီး တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

အခု အမှုဟာ လွန်ခဲ့တဲ့ နှစ်တွေကစပြီး အမေရိကန်ပြည်တွင်းက အမေရိကန် ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့ ပေကျင်းရဲ့ မူဝါဒကို ဝေဖန်သူတွေ ရှာဖွေဖော်ထုတ်တဲ့ တရုတ်အစိုးရရဲ့ အားထုတ်မှုတွေကို ဟန့်တားရေးအတွက် အမေရိကန်တရားရေးဌာနရဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။

မန်ဟန်တန်ရပ်ကွက် ဘရော့ဒ်ဝေးလမ်း အမှတ် ၁၀၇ E အဆောက်အအုံထဲမှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနရဲ့ ဌာနခွဲတစ်ခု ဖွင့်လှစ်မှုနဲ့ သက်ဆိုင်ပါတယ်။ အဲဒီရုံးကို ပြီးခဲ့တဲ့ ဆောင်းရာသီအလယ်ပိုင်းလောက်က အက်ဖ်ဘီအိုင်ကနေ စတင်စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက် ပိတ်သိမ်းထားခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ အမျိုးသား ၂ ယောက်ဟာ တရုတ်အာဏာပိုင်တွေရဲ့ လမ်းညွှန်မှုနဲ့ ထိန်းချုပ်မှုအတိုင်း လုပ်ရှုားနေသူတွေဖြစ်ပြီး အက်ဖ်ဘီအိုင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်တာကို ရိပ်မိပြီးနောက် တရုတ်အာဏာပိုင်တွေနဲ့ ဖုန်းအဆက်အသွယ် ကို ဖြတ်တောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရဘက်က တစ်စုံတစ်ရာ မှတ်ချက်ပေးတာမျိုး မလုပ်သေးပါဘူး။  -Ref;AFP