မြောက်ကိုရီးယားဘက်မှဒုံးကျည်စမ်းသပ်မှုများရပ်တန့်ပေးရန် G – 7 တောင်းဆို

G – 7 နိုင်ငံခြားရေးဝန်ကြီးများသည် မြောက်ကိုရီးယားဘက်မှ နောက်ထပ်နျူကလီးယားစမ်းသပ်မှုနှင့် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများ မပြုလုပ်ရန် တောင်းဆိုခဲ့ပြီး ဆက်လုပ်နေပါကပြင်းထန်သော တုံ့ပြန်မှု ရလိမ့်မည်ဟုသတိပေးခဲ့သည်။

ပြီးခဲ့သည့်အပတ်က မြောက်ကိုရီးယားဘက်မှ solid-fuel အမျိုးအစား ဒုံးကျည်စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပြီးနောက် G – 7 က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

နည်းပညာအဆင့်မြင့်သော solid-fuel အမျိုးအစားဒုံးကျည်အားစမ်းသပ်ခြင်းသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း၏ စစ်ရေး ခေတ်မီရေးလှုပ်ရှားမှု ရည်မှန်းချက်များထဲမှတစ်ခုဖြစ်ကြောင်း ၎င်း၏ နှစ်သစ်ကူး အစီရင်ခံစာတွင် ကြေငြာခဲ့သည်။

ထိုကဲ့သို့သော ဒုံးကျည်များသည် သိုလှောင်ရန်နှင့် သယ်ယူရန်ပိုမိုမိုလွယ်ကူကာ ပစ်လွှတ်ရန်အတွက် ပြင်ဆင်ချိန်၌ ပိုမိုတည်ငြိမ်မြန်ဆန်ပြီး ကြိုတင်ရှာဖွေဖျက်ဆီးရန်လည်းခက်ခဲသည်ဟုဆိုသည်။

“မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့မူဝါဒ အများအပြားကို ချိုးဖောက်ရာကျတဲ့အတွက် အပြင်းအထန်ရှုံ့ချပါတယ်” ဟုလည်း G – 7 အဖွဲ့က ပြောကြားခဲ့သည်။

Source : AFP