ဆမ်းကတ် မှတ်ပုံတင်အချက်အလက်ကွဲလွဲကြောင်း စာတိုရရှိပါက ပြန်လည်မှတ်ပုံတင်ရမည်

ဆမ်းကတ်များ မှတ်ပုံတင်ရာတွင် အချက်အလက်ကွဲလွဲနေကြောင်း စာတို(SMS) ရရှိပါက ပြန်လည်မှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာများထံမှ သိရသည်။
ဆမ်းကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အချက်အလက်များနှင့် ကွဲလွဲနေပါက မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်များအား စာတို (SMS) ပေးပို့ထားပြီး ယင်းစာတိုရရှိပါက ရက်ပေါင်း ၃၀အတွင်း ပြန်လည်မှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်ကာ မှတ်ပုံတင်ခြင်းမရှိပါက ဆင်းမ်ကတ်နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများ ကို ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း အော်ပရေတာများက သတင်းထုတ်ပြန်ထားသည်။
ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကမူ စာတို (SMS) ရရှိပြီး ရက်ပေါင်း ၃၀အတွင်း နိုင်ငံသားစိစစ်ရေး ကတ်အတိုင်း ပြန်လည်ပြင်ဆင်မှတ်ပုံတင်ထားခြင်း မရှိပါက အထွက်ခေါ်ဆိုမှု၊ အထွက်စာတိုပေးပို့မှုနှင့် ဒေတာအသုံးပြုမှုများကို ရပ်ဆိုင်းသည့် One Way Block ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ One Way Block လုပ်ထားချိန်မှစ၍ ရက်ပေါင်း ၉၀အတွင်း နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်ဖြင့်ပြန်လည်ပြင်ဆင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို အပြီးပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။