အုတ်တွင်းမြို့နယ်တွင်ရန်ကုန်- မန္တလေး အဆန် လူစီးအမြန်ရထားမိုင်းခွဲတိုက်ခိုက်ခံရ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်တွင် မတ် ၂၁ ရက်ညပိုင်းက ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် လူစီးအမြန်ရထား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

မတ်လ ၂၁ ရက်နေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်က ရန်ကုန်ဘူတာကြီးမှမန္တလေးဘူတာသို့ ထွက်ခွာလာသည့် အမှတ်(၃) အဆန်လူစီးအမြန်ရထားသည် ည ၁ နာရီခန့်၌ အုတ်တွင်းမြို့နယ်၊ ဇေယျဝတီဘူတာနှင့် ညောင်ခြေထောက်ဘူတာကြား မိုင်တိုင်အမှတ် (၁၄၂/၉)နှင့်(၁၄၂/၁၀)အား ဖြတ်သန်းခုတ်မောင်းစဉ် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ရထားစက်ခေါင်းလေကာမှန်များကွဲအက်ပျက်စီးကာ စက်ခေါင်းနောက်ကပ်လျက် ရိုးရိုးတန်းလူစီးတွဲ၏ တက်/ဆင်းပေါက် တံခါးမကြီးတစ်ခုပြုတ်ထွက်၊ပြတင်းပေါက်နှစ်ပေါက်ပျက်စီး၊စီမံကိန်းဆောင်ရွက်နေသည့် အစုန်လမ်းပေါ်မှ ကွန်ကရစ်ဇလီးဖားတုံးအသစ်(၃)တုံးပျက်စီးခဲ့ပြီး ခရီးသည် အမျိုးသား(၂)ဦး၏ ဦးခေါင်းနှင့်လက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ ကျွဲပြဲဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အမှတ်(၃)အဆန်လူစီးအမြန်ရထားသည် ၂ နာရီခန့်၊အမှတ်(၆)အစုန်လူစီးအမြန်ရထားသည် ၅ နာရီခွဲခန့်နှင့်အမှတ်(၄) အစုန်လူစီး အမြန်ရထားသည် ၃ နာရီခွဲခန့် နီးစပ်ရာဘူတာများတွင်စောင့်ဆိုင်းခဲ့ရပြီး ခရီးသည် (၃၀၀၀)ဦးခန့် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာတစ်ဝိုက်အားစစ်ဆေးရာ ဖြစ်စဉ်နေရာအနီးရှိ လယ်ကွင်းထဲ၌ မဖောက်ခွဲရသေးသည့် လက်လုပ်မိုင်း ဗုံးတစ်လုံးတပ်ဆင်ထားသည်ကိုတွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယနေ့အချိန်ထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊မိုင်းခွဲဖျက်စီးခံရမှု(၁၀၉)ကြိမ်၊ရထားလမ်းတံတားများအား မိုင်းခွဲဖျက်စီးခံရမှု(၃၇) ကြိမ်၊ဘူတာများအား မီးရှို့ဖျက်စီးခံရမှု(၁၁)ကြိမ်ရှိခဲ့သည်ဟု နစက ၏ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သိရသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထားမှ အမြန်လူစီးရထားခရီးစဉ် (၁၈)ခု၊စာပို့ရထားခရီးစဉ်(၁၂)ခု၊လူစီးကုန်တင်ရထားခရီးစဉ်(၈)ခု၊ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထားခရီးစဉ်(၃၀)ခု(စုစုပေါင်း ရထားခရီးစဉ် ၆၈ ခု)တို့နှင့်ကုန်ရထားခရီးစဉ်များကို နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိကာ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အမြန်ရထား(၄)စင်း၊ စာပို့ရထား(၂)စင်းနှင့်လူစီးကုန်တင် ရထား(၂)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည်။