အာဆင်နယ် မှ ဂျပန်နောက်ခံလူ တိုမီယာဆု ရာသီကုန်အထိ နားရမယ်

ပရီးမီးယားလိဂ်ကိုဦးဆောင်နေတဲ့ အာဆင်နယ်အသင်းက ဂျပန်နောက်တန်းလူ တာကီဟီရို တိုမီယာဆု ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ရာသီကုန်အထိ အနားယူရမှာ ဖြစ်ကြောင်း အာဆင်နယ် အသင်းက ပြောကြားပါတယ်။

ညာ နောက်တန်းလူ တိုမီယာဆု က အာဆင်နယ် နဲ့ စပို့တင်း တို့ရဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့်ပွဲစဉ်ရဲ့ အချိန် ကိုးမိနစ်မှာပဲ ပုံမကျ ပန်းမကျ ချော်လဲကျခဲ့ရာကနေ သူ့ ဒူးကို ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် တိုမီယာဆု က ချဲ့ကားပြောဆိုတတ်သူမဟုတ်လို့ အလွန်စိုးရိမ်ပူပန်မိကြောင်း အဲဒီတုန်းက နည်းပြ အာတီတာ က ပြောကြားခဲ့ပါတယ်။

စစ်ဆေးမှုတွေလုပ်ခဲ့ကြရာမှာ ကစားသမားရဲ့ ညာဘက်ဒူးမှာ ကြီးမားတဲ့ ဒဏ်ရာ ရရှိမှုကို အတည်ပြုခဲ့ပြီး လန်ဒန်မှာပဲ အောင်မြင်တဲ့ ခွဲစိတ်ကုသမှု လုပ်ခဲ့ကာ ပြန်လည်ကောင်းမွန်ဖို့ ရာသီကုန်အထိ အနားယူရမှာ ဖြစ်ကြောင်း အာဆင်နယ်ထုတ်ပြန်ချက် က ဖော်ပြခဲ့ပါတယ်။