သီရိပျံချီဆရာတော်ကြီးနှစ်ပါး ဂုဏ်ပြုပူဇော်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ တက်ရောက်ပူဇော်

ရန်ကုန်၊ဖေဖေါ်ဝါရီ၊၁၈ရက်

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊မင်းဓမ္မလမ်း၊သီရိမင်္ဂလာမဟာသာသနာ့ဗိမ္မန်တော်တွင် ကျင်းပပူဇော်သော သီရိပျံချီဆရာတော်ကြီး နှစ်ပါး ဂုဏ်ပြုပူဇော်ပွဲ သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်မောင်စိုးနှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

အဆိုပါဂုဏ်ပြုပူဇော်ပွဲအားအခမ်းအနားအစီအစဉ်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမဦးစွာ ဆရာတော်ကြီးများ ပူဇော်မည့်နေရာသို့ ကြွရောက်တော်မူကြရာဧည့်ပရိတ်သတ်အပေါင်းတို့က လက်စုံမိုး၍ ဦးခိုက်ပူဇော်ကြသည်။

ထို့နောက်အခမ်းအနားမှူးဆရာတော်ကအခမ်းအနားအစီအစဉ်အား ဖတ်ကြားပြီးအစီအစဉ်အရ မြစေတီ ရဲကျောင်း ဆရာတော် ဘန္တဒဝိမလဗုဒ္ဓိအရှင်သူမြတ်မှ သြဝါဒကထာချီးမြှင့်ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ က လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပါသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်းက ကရင်ပြည်နယ် ဇွဲကပင်ဆရာတော် ဘုရားကြီးဘဒန္တကဝိဓဇမဟာထေရ်အား နိုင်ငံတော်မှပေးအပ်ချီးမြှင့်ပူဇော်သော သီရိပျံချီ ဘွဲ့တံဆိပ်တော်အား ဆက်ကပ်ပူဇော်သည်။ ထို့နောက်မန္တလေးမြို့၊မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာရဆရာတော် ဘဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ-မစိုးရိမ်)အား နိုင်ငံတော်ကပေးအပ်ချီးမြှင့်ပူဇော်သော သီရိပျံချီဘွဲ့တံဆိပ်တော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးမှဆက်ကပ်ပူဇော်ပါသည်။

ဆက်လက်၍ပူဇော်ပွဲအခမ်းအနားအားအစီအစဉ်အတိုင်းကျင်းပပူဇော်ခဲ့ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ကိုယ်စား တိုင်းအတွင်းရေမှူး ဦးအောင်ကျော်မင်းမှအလှူငွေသိန်း(၃၀)ကျပ်ကို ဆရာတော်ဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည် ၄င်းနောက် တပည့်ရဟန်းသံဃာများ၊ဒါယိကာ/ဒါယိကာမများ၊အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ အမျိုးသားရေးအဖွဲ့များက အလှူတော်ငွေကျပ်သိန်း(၇၀၀)ကျော်ခန့် လှူဒါန်းကြပြီး ရေစက်သွန်းချတရားတော်မြတ်ကိုနာယူကြကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုပြီးပူဇော်ပွဲကို အောင်မြင်စွာပူဇော်ပွဲကျင်းပခဲ့ကြောင်းသိရသည်။