မြန်မာနိုင်ငံတွင် ကြက်သွန်နီနှစ်စဉ်တန်ချိန် တစ်သန်းကျော်ထွက်ပြီး ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့ရန်စီစဉ်

မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ဧက ၁ ဒသမ ၇ သိန်းကျော်ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိသည့် အတွက် ပြည်ပဈေးကွက်သစ်များသို့ တိုးချဲ့တင်ပို့ရန်စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ-၁ ၌ကျင်းပသည့် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ထိုက်သင့်သည့် အကျိုးအမြတ်ရရှိစေရေး၊ စားသုံးသူပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ချိန်ညှိဆောင်ရွက်ရေးနှင့် ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဈေးကွက်အလားအလာရှိသည့်နိုင်ငံများသို့ တိုးချဲ့တင်ပို့ရေးအတွက် အစိုးရချင်းချိတ်ဆက် ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံများ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တင်ပြခဲ့သည်။

လက်ရှိတွင် မြန်မာပြည်၌ စိုက်ပျိုးထုတ်လုပ်သည့် ကြက်သွန်နီကို ပြည်ပဝယ်လိုအားဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံမှ အဓိကဝယ်ယူနေခြင်းဖြစ်ပြီး နယ်မှ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)သို့ ကြက်သွန်ကားအစီးရေ နေ့စဉ်အစီးရေ ၅၀ ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 source: popularmyanmar