တင်းကျပ်သည့် ကိုဗစ်ကင်းစင်မူဝါဒကို စွန့်လွှတ်လိုက်သည့် တရုတ်အစိုးရက ခရီးသွားရာဇဝင်ကို ခြေရာခံသည့် App တစ်ခုကို အသုံးပြုတော့မည်မဟုတ်ဟု ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ကင်းစင်မဟာဗျူဟာကို လျင်လျင်မြန်မြန်စွန့်ခွာနေစဉ် သမိုင်းမှတ်တိုင်ဖြစ်ခဲ့သည့် App တစ်ခုကို အသုံးပြုတော့မည်မဟုတ်ဟု ဒီဇင်ဘာ ၁၂ ရက်တွင် တရုတ်အစိုးရက ထုတ်ပြန်သည်။ အဆိုပါ App သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားလျက်ရှိသည့် ဒေသများကို ခရီးသွားရာတွင် ခြေရာခံသည့် အခါ အသုံးပြုသော App ဖြစ်ကြောင်း သိရသည်။ တရုတ်သည် ကိုဗစ်ကင်းစင်မူဝါဒကို ထိရောက်စွာ စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် အကြီးစားလော့ဒေါင်းချခြင်းများ၊ မဖြစ်မနေကွာရန်တင်းဝင် စေခြင်းများ၊ ဆေးစစ်မှုကန့်သတ်ချက်များ ဖြေလျှော့ခြင်းတို့ကို လွန်ခဲ့သောသီတင်းပတ်တွင် ကြေညာ ခဲ့သည်။

ယခုအခါ ဗဟိုအစိုးရသည် တင်းကျပ်သော မူဝါဒများ ချမှတ်အသုံးပြုခြင်းကို ဖြေလျှော့လျက်ရှိရာ အစိုးရ က လုပ်ဆောင်စေသည့် Communication Itinery Card ကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၂ နာရီတွင် offline ပြုလုပ်တော့မည်ဟု ဆိုသည်။ လူတစ်ယောက်သည် ကူးစက်အန္တရာယ်မြင့်မားသော နေရာကို သွားခဲ့ခြင်း ရှိမရှိဆိုသည်ကို ၎င်း၏ဖုန်းမှ တစ်ဆင့်ခြေရာခံခြင်းကို အဆိုပါ App က လုပ်ဆောင်ပေးသည်။ ခရီးသွား ကတ်ဟုခေါ်သည့် အဆိုပါ App သည် တရုတ်ကိုဗစ်ကင်းစင်မူဝါဒ၏ အဓိကအကျဆုံးအပိုင်းဖြစ်သည်။ ပြည်သူသန်းပေါင်းများစွာသည် ပြည်နယ်အချင်းချင်း သွားလာရာတွင်သော်လည်းကောင်း၊ ပြိုင်ပွဲများနှင့် အများပြည်သူသွားလာရာနေရာများကို ဝင်ရောက်ရာတွင်သော်လည်းကောင်း ၎င်းတို့၏ ဖုန်းနံပါတ်များကို အသုံးပြုကြရပြီး အဆိုပါ App မှတစ်ဆင့် အစိမ်းရောင်မြား ပေါ်လာမှသာသွားလာခွင့်ရှိကြသည်။

၂၀၂၀ ခုနှစ်တွင် ပထမဆုံးထွက်ပေါ်လာသော App တွင် မတူသောအရောင်လေးရောင်ဖြင့် အဆင့် လေးဆင့်ပါဝင်သည်။ ဖုန်းအသုံးပြုသူ၏ ကိုဗစ်ရောဂါနှင့်ထိတွေ့မှု အနေအထားကို အဆိုပါအရောင် များဖြင့် ဖော်ပြသည်။ ယင်းသို့ ခြေရာခံသည့် သက်တမ်းကို အကြိမ်ကြိမ် အပြောင်းအလဲများလုပ်ခဲ့ပြီး ယခုနှစ်တွင်မူ နောက်ဆုံးအပြောင်းအလဲအဖြစ် ခြေရာခံသည့်ရက်ကို ၁၄ ရက်မှ ခုနစ်ရက်သို့ လျှော့ချပေး ခဲ့သည်။ Communication Itinery Card သည် ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း တရုတ်နိုင်ငံ၌ နေ့စဉ်လူမှုဘဝကို လွှမ်းမိုးနေသော ခြေရာခံ App အမျိုးမျိုးထဲက App တစ်ခုဖြစ်သည်။ ပြည်သူအများစုမှာ မိမိတို့နေထိုင်ရာမြို့သို့မဟုတ် ပြည်နယ်ရှိ စျေးဆိုင်များ၊ ရုံးများကို ဝင်ရောက်ရန် ဒေသဆိုင်ရာကျန်းမာရေး သင်္ကေတများကို အသုံးပြုနေရဆဲဖြစ်သည်။

ကာကွယ်ဆေးထိုးနှံခြင်းမပြုရသေးသော သက်ကြီးရွယ်အိုသန်းပေါင်းများစွာရှိသည့် တရုတ်နိုင်ငံကို အိုမီခရွန် မျိုးကွဲကူးစက်မှု မြင့်တက်လာသည့်အနေအထားဖြစ်လာမည်ဟု ထိပ်တန်းကျန်းမာရေးပညာရှင် တစ်ဦးက သတိပေးထားလင့်ကစား အပြောင်းအလဲများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်သူ အများစုမှာ Communication Itinery Card ကို ၎င်းတို့နောက်ဆုံး Login ဝင်ထားသည့် screenshorts များကို လူမှုမီဒီယာတွင် တင်နေကြသည်။