ရုရှားက နျူလက်နက် သုံးလာပါက ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဟု ဗြိတိန် သတိပေး

ဗြိတိန်က ရုရှားသမ္မတ ပူတင်အား မော်စကိုသည် ယူကရိန်း စစ်ပွဲအတွင်း နျူလက်နက်များ အသုံးပြုပါက ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဟု အောက်တိုဘာလ ၃၁ ရက် တနင်္လာနေ့တွင် သတိပေးခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစ်ကလဲဗာလီက ရုရှားအား စပါးတင်ပို့မှုများပေါ် ဟန့်တားခြင်း မပြုရန် တိုက်တွန်းခဲ့ပြီး ကရင်မလင် ၏ ပြင်းထန်သော ထုတ်ပြန်ချက်များသည် ၎င်း၏ ယိမ်းယိုင်လာသော စစ်ရေးအားထုတ်မှုများကို အာရုံမစိုက်မိအောင် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း ပြောခဲ့သည်။

ပူတင်က ရုရှားသည် ယူကရိန်းတွင် နျူလက်နက် သုံးမည်ဟု မပြောခဲ့ကြောင်း၊ ၎င်းအစား ကိယက်ဗ်ကသာ ညစ်ညမ်းဗုံးကို ဖန်တီး၍ ဖောက်ခွဲနိုင်ကြောင်း ပြောခဲ့သည်။

သို့ရာတွင် ကလဲဗာလီက ယူကရိန်းက ဗုံးခွဲရန် စီစဉ်နေသည်ဆိုသည်မှာ အဓိပ္ပာယ်မဲ့သော စွပ်စွဲချက်ဖြစ်ပြီး နျူလက်နက်နှင့် ပတ်သတ်ပြီး ပူတင်၏ ပြောစကားမှာ တာဝန်မဲ့ ပြောစကား ဖြစ်သည်ဟု ဆိုသည်။

“ဗြိတိန်နဲ့ မဟာမိတ်တွေအတွက်ပူတင်ကဘယ်လို နျူလက်နက်မျိုးပဲ သုံးသုံး၊ သုံးလိုက်တာနဲ့ ပဋိပက္ခရဲ့ အခြေအနေကို ပြောင်းလဲစေမယ်ဆိုတာ ပူတင်က ရှင်းရှင်းလင်းလင်း သိသင့်ပါတယ်။ ရုရှားအတွက် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာမှာပါ” ဟု ၎င်းက ပြောခဲ့သည်။ source:CNA