မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

မန္တလေး-စက်တင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တံတားဦးခရိုင်ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမြတ်သူ၊ ဦးတင့်လွင်ဦး၊ ဒေါ်ဝါဝါလှိင်တိုမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ကြပါသည်။

အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားကာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူမှ ဆန္ဒမဲပေးရွေးချယ်ရန် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်နှင့်ကိုယ်စားလှယ်များမှ ခရိုင်ပါတီကော်မတီဝင်များအား မဲပေးရွေးချယ်ခဲ့ကြပါသည်။  ဆက်လက်၍ ရွေးချယ်ခံရသည့် ခရိုင်ပါတီ ဥက္ကဌ၊အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များ၏ အမည်စာရင်းအား ကြေညာခြင်း၊ သဘာပတိမှ အတည်ပြုခြင်းများဆောင်ရွက်ခဲ့ပါသည်။

၎င်းနောက် ရွေးချယ်ခံရသည့် တံတားဦးခရိုင်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များမှ သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြပြီး ကြွေးကြော်သံများကြွေးကြော်၍ အခမ်းအနားရုတ်သိမ်းခဲ့ကြပါသည်။