Ooredoo က မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းကို စင်ကာပူအခြေစိုက်ကုမ္ပဏီထံ ရောင်းချရန်စီစဉ်

ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo သည် ၎င်း၏မြန်မာနိုင်ငံရှိ လုပ်ငန်းကို စင်ကာပူတွင် ရုံးချုပ်အခြေစိုက်ထားသော နည်းပညာလုပ်ငန်း The One Matrix Ventures (TOMV) ထံရောင်းချရန် စီစဉ်နေသည်ဟု ယင်းကိစ္စကို တိုက်ရိုက်သိထားသူ သုံးဦးက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

Ooredoo သည် လွန်ခဲ့သောနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုလွှဲယူခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ပြည်ပလုပ်ငန်းများ ရုတ်တရက်ထွက်ခွာပြီးနောက် ယခုထပ်မံထွက်ခွာမည့် နိုင်ငံခြားပိုင်ဆက်သွယ် ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည်။

နော်ဝေ၏ Telenor သည် ထွက်ခွာရန် အခက်အခဲကြုံတွေ့ရသည့် အနေအထားဖြင့် ယခုနှစ်မတ်လတွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။

TOMV သည် Ooredoo ကိုဝယ်ယူရာတွင် စည်းမျဉ်းစည်းကမ်းဆိုင်ရာခွင့်ပြုချက် ရရှိစေရေးကို အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံရှိ မိတ်ဖက်လုပ်ငန်းများနှင့် ဆွေးနွေးနေသည်ဟု သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်းတို့က အသေးစိတ်ပြောကြားခြင်းမရှိပေ။

ဆယ်သွယ်ရေးအခြေခံအဆောက်အအုံနှင့် နည်းပညာတို့ကို ဦးစားပေးလုပ်ကိုင်သော TOMV ကို မြန်မာလူမျိုးလုပ်ငန်းရှင် ဦးမျိုးမြင့်အုန်းက တည်ထောင်ပြီး လုပ်ငန်းကို ၎င်းက ဦးဆောင်နေခြင်းဖြစ်သည်။ ဦးမျိုးမြင့်အုန်းသည် စင်ကာပူဆက်သွယ်ရေးလုပ်ငန်း Campana Group ကို ဦးဆောင်နေသူလည်းဖြစ်သည်။

တရားဝင်ခွင့်ပြုချက်တောင်းခံခြင်းမရှိသေးသော်လည်း Ooredoo သည် ၎င်း၏လုပ်ငန်းကို ဦးမျိုးမြင့်အုန်းထံ ရောင်းချရန် ရည်ရွယ်ထားသည့်အကြောင်းကို မြန်မာစာတိုက်နှင့်ဆက်သွယ်ရေးဌာန(PTD) ထံ အကြောင်းကြား ထားသည်ဟု သတင်းအရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

အရောင်းအဝယ်သည် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်ရရှိမှုအပေါ်တွင် မူတည်နေသည်ဟု ယခုကိစ္စကို သိထားသူများက ပြောကြားသည်။

ရောင်းချမည့်လုပ်ငန်းပမာဏကို တန်ဖိုးသတ်မှတ်ခြင်းမရှိသေးဟု အမည်မဖော်လိုသူ သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

 

 source: Eleven