FFP စည်းမျဉ်းချိုးဖောက်မှုကြောင့် အရေးယူခံရမည့်အသင်းစာရင်းတွင် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ PSG ၊ အင်တာမီလန်နှင့် ရိုးမား ပါဝင်နေ

၂၀၂၀-၂၁ ဘောလုံးရာသီတွင် ဥရောပဘောလုံးအဖွဲ့ ချုပ် (UEFA) ၏ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း FFP ကို ချိုးဖောက်မှုဖြင့် အရေးယူခံရမည့်စာရင်းတွင် ဘာစီလိုနာ၊ PSG၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ရိုးမားနှင့် မာဆေးလ်အသင်းများ ပါဝင်နေကြောင်း သိရသည်။

UEFA သည် လာမည့်စက်တင်ဘာလတွင် ၂၀၂၀-၂၁ ဘောလုံးရာသီ၌ FFP စည်းမျဉ်းကိုချိုးဖောက်ခဲ့သည့် ကလပ်အသင်း (၁၀)သင်းကို ထုတ်ပြန်ကြေညာရန် ပြင်ဆင်နေပြီး ယင်းစာရင်းတွင် အဆိုပါအသင်းများ ပါဝင်နေခြင်းဖြစ်သည်။

UEFA ၏ အရေးယူမှုများသည် ဒဏ်ငွေချမှတ်မှုမှ အပြောင်းအရွှေ့ပိတ်ပင်မှု၊ UEFA  ကလပ်အသင်း ပြိုင်ပွဲများမှ ထုတ်ပယ်သည်အထိ ဖြစ်နိုင်ကြောင်း The Times က ဖော်ပြခဲ့သည်။

PSG၊ အင်တာမီလန်၊ ရိုးမားနှင့် မာဆေးလ်အသင်းသည် ပြစ်ဒဏ်အတွက် UEFA နှင့် ဆွေးနွေးမှုများပြုလုပ်ရန် သဘောတူထားခဲ့ပြီး ဂျူဗင်တပ်စ်နှင့် ဘာစီလိုနာအသင်းများမှာမူ စေ့စပ်ဆွေးနွေးရန် ငြင်းဆန်ခဲ့ကြသည်။ သတင်းများတွင်ဖော်ပြချက်အရ PSG နှင့် မာဆေးလ်အသင်းသည် ဒဏ်ငွေသာချမှတ်ခံရဖွယ်ရှိပြီး အင်တာမီလန်၊ ရိုးမားအသင်းများမှာ အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှုကို အကန့်အသတ်ဖြင့်သာ ပြုလုပ်ခွင့်ရသည့် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။

ဥရောပစူပါလိဂ်ပြိုင်ပွဲနှင့်ပတ်သက်ပြီး UEFA နှင့် တရားရင်ဆိုင်ရသည်အထိဖြစ်ခဲ့ကာ ဆက်ဆံရေး တင်းမာခဲ့ကြသည့် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်အသင်းများမှာမူ အပြောင်းအရွှေ့ ကာလတစ်ခုလုံး ပိတ်ပင်မှုအပါအဝင် ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ်ခံရဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

FFP စည်းမျဉ်းကို ၂၀၁၀ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး သုံးနှစ်တာကာလအပိုင်းအခြားအတွင်း ကလပ်အသင်းတစ်သင်းအနေဖြင့် ယူရိုသန်း (၃၀)ပမာဏအထိ လိုငွေပြခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော် မကြာသေးမီက အတည်ပြုခဲ့သည့် စည်းမျဉ်းသစ်တွင် ကလပ်အသင်းတစ်သင်းအနေဖြင့် ယခင်ခွင့်ပြုသော ပမာဏ၏နှစ်ဆဖြစ်သည့် ယူရိုသန်း(၆၀)အထိ ဆုံးရှုံးနိုင်ပြီး အသင်း၏ဘဏ္ဍာရေး အခြေအနေအတွက် လိုအပ်သည်ဟုယူဆလျှင် အပို ယူရို (၁၀)သန်း လိုငွေပြခွင့်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၌ စတင်မည့် စည်းမျဉ်းသစ်တွင် ကလပ်အသင်း၏ဝင်ငွေမှ ကစားသမားနှင့် နည်းပြ၏လစာ၊ ပြောင်းရွှေ့ကြေးနှင့် အေးဂျင့်ခများကို (၇၀%)သာ အသုံးပြုနိုင်ပြီး ချက်ချင်း လျှော့ချမည်မဟုတ်ဘဲ ၂၀၂၃-၂၄ ရာသီတွင် (၉၀%)၊ ၂၀၂၄-၂၅ ရာသီတွင် (၈၀%)၊ ၂၀၂၅-၂၆ ရာသီတွင် (၇၀%)ဖြင့် နှစ်အလိုက် လျှော့ချသွားမည်ဖြစ်သည်။