မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များ တွေ့ဆုံပွဲကျင်းပ

မန္တလေး၊ ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များတွေ့ဆုံပွဲကို ဩဂုတ်လ (၁၆) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မန္တ​လေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးရှိ ပါတီခန်းမတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့် အကြမ်းဖက်သမားများ၏ လုပ်ကြံမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပါတီဝင်များနှင့် မိသားစုဝင်များအား အောက်မေ့သတိရသည့်အနေဖြင့်၂ မိနစ် ငြိမ်သက်ခြင်းများဖြင့် အခမ်းအနားအားစတင်ခဲ့ပါသည်။

ထို့နောက် မန္တ​လေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးက လူငယ်ရေးရာ ကိစ္စရပ်များ ဆွေးနွေးခြင်း၊ ဗဟိုကော်မတီဝင် ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ရွေးကောက်ပွဲတွင် အသုံးပြုမည့် PR စနစ်အကြောင်းနှင့် ပါတီလုပ်ငန်းဖွဲ့စည်းပုံများအား ရှင်းလင်းဆွေးနွေးခြင်း၊ ပါတီဗဟိုကော်မတီဝင် ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပါတီမှ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော လူငယ်အဖွဲ့ဝင်များမှ သိရှိလိုသည့်အချက်များအား  မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကျော်မိုး၊ ဗဟိုကော်မတီဝင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့် ဦးသိန်းထွန်းဦး၊ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီတာဝန်ရှိသူများနှင့် လူငယ်အဖွဲ့ဝင်များတက်ရောက်ခဲ့​ကြပါသည်။