အာဖရိကနိုင်ငံများဖလားပွဲကို ၂၀၂၄ တွင် ကျင်းပမည်

အာဖရိကလက်ရွေးစင်အသင်းတွေအတွက် အဓိကပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ အာဖရိကနိုင်ငံများဖလားပွဲကို ၂၀၂၄ ခုနှစ်မှသာ ကျင်းပတော့မှာဖြစ်ပါတယ်။ အစောပိုင်းက အာဖရိကနိုင်ငံများဖလားပွဲကို ၂၀၂၃ ခုနှစ် ဇွန်လကနေ ဇူလိုင်လအထိ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် အိမ်ရှင်အဖြစ် ကျင်းပမယ့် အိုင်ဗရီကို့စ်နိုင်ငံရဲ့ မိုးရွာသွန်းမှု များပြားတဲ့ ရာသီဥတုကြောင့် ၂၀၂၄ ခုနှစ်ထဲကို ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တာလို့ အာဖရိကဘောလုံး အဖွဲ့ ချုပ်ဥက္ကဋ္ဌ ပက်ထရစ်မော့စီပီ ကပြောပါတယ်။ ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်တွေကို ဇန်နဝါရီကနေ ဖေဖော်ဝါရီလ အတွင်း ကျင်းပနေကြပုံစံကနေ ဥရောပဘောလုံးရာသီရဲ့ အလယ်အလတ်ကာလနဲ့ တိုက်ဆိုင်နေပြီး ကစားသမား တွေ စေလွှတ်ရမှုအပေါ် ကလပ်အသင်းတွေဘက်က ဝေဖန်မှုတွေကြောင့် ဇွန်လကနေ ဇူလိုင်လအတွင်း ပြောင်းလဲကျင်းပဖို့ ၂၀၁၇ ခုနှစ်မှာ စီစဉ်ခဲ့တာပါ။ ကင်မရွန်းနိုင်ငံမှာ အခုနှစ်အတွင်း ကျင်းပခဲ့တဲ့ပြိုင်ပွဲမှာတော့ အစဉ်အလာအတိုင်း ဇန်နဝါရီကနေ ဖေဖော်ဝါရီလအထိ ကျင်းပခဲ့သလို လာမယ့် ၂၀၂၄ ပြိုင်ပွဲမှာလည်း အဲဒီပုံစံ အတိုင်း ဆက်လက်ကျင်းပသွားဖွယ် ရှိနေပါတယ်။