SkyNet ရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကျင်းပ

ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၊ SkyNet ရုပ်သံလိုင်းက ကြီးမှူးကျင်းပတဲ့ ရွှေအောင်လံမြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲကို ဇူလိုင် ၃ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာကျင်းပ ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်  ၆၀ ကီလိုတန်းမှာ တွဲဆိုင်း ၂ ဆိုင်း၊ ၆၃ ဒဿမ ၅ ကီလိုတန်းမှာ တွဲဆိုင်း ၂ ဆိုင်း၊ ၆၇ ကီလိုတန်းမှာ တွဲဆိုင်း ၂ ဆိုင်း စုစုပေါင်း တွဲဆိုင်း ၆ ဆိုင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ ၆၀ ကီလိုတန်း ပထမတွဲဆိုင်းမှာ ဟိန်းထွန်းအောင်(ရွှေသထုံ)က စောအယ်ဖူး(ဒို့ရိုးရာ)ကို အမှတ်ပေးစနစ်နဲ့ အနိုင်ရရှိခဲ့ပြီး  ဒုတိယတွဲဆိုင်းမှာ အနီထောင့်နဲ့ မင်းကျော်ဇ(ဇွဲကပင်မြေ)က စောဘဟိန်း(ဘိလပ်မြေစက်ရုံ)ကို ဒုတိယအချီမှာ အနိုင်ရရှိခဲ့ပါတယ်။

၆၃ ဒဿမ ၅ ကီလိုတန်း ပွဲစဉ်တွေမှာတော့ နက္ခမင်း(ဇွဲကပင်)က ကျားသွေး(ထွန်းထွန်းမင်း) ကို ဒုတိယအချီမှာ အနိုင်ရရှိခဲ့ပြီး အဲမွီ(နဂါးမင်း)ကလည်း သက်ဝင်းအောင်(ရွှေသထုံ)ကို အမှတ်ပေးစနစ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။

၆၇ ကီလိုတန်းမှာတော့ စောမင်းမင်း(ရွှေသထုံ)က ကိုနိုင်း(ဇာနည်သွေး)ကို အမှတ်ပေးစနစ်နဲ့ အနိုင်ရရှိခဲ့ပြီး မာန်မင်းအောင်(ဘိလပ်မြေစက်ရုံ)နဲ့ ကမ္ဘာရှား(AMT2)တို့ ပွဲစဉ်မှာတော့ မာန်မင်းအောင်(ဘိလပ်မြေစက်ရုံ)က ပထမအချီမှာ အနားတောင်ခဲ့ရပြီး ဆက်လက်ယှဉ်ပြိုင်နိုင်တာမရှိဘဲ ပြိုင်ဘက်ကို အရှုံးပေးခဲ့ရပါတယ်။

ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၀ ရက်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ၆၀ ကီလိုတန်းမှာ ဟိန်းထွန်းအောင် (ရွှေသထုံ)နဲ့ စောဘဟိန်း (ဘိလပ်မြေစက်ရုံ)၊ ၆၃ ဒဿမ ၅ ကီလိုတန်းမှာ နက္ခမင်း(ဇွဲကပင်)နဲ့ အဲမွီ(နဂါးမင်း)၊ ၆၇ ကီလိုတန်းမှာ စောမင်းမင်း(ရွှေသထုံ)နဲ့ ကမ္ဘာရှား(AMT2)၊ ၇၁ ကီလိုတန်းမှာ မင်းထက်အောင်(ရွှေသထုံ)နဲ့ ကြယ်ကြီး(G3G)တို့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထူးစိန်ခေါ်ပွဲ ၂ ပွဲအဖြစ် ထက်နိုင်အောင် (ရွှေသထုံ)နဲ့ ယှူးခလိန်းအောင်(ဖလုံပညာ့တဝေါ့)၊ မိုးမှောင်(စက်ရုံ)နဲ့ အောင်မင်းထွန်း (ဖလုံပညာ့တဝေါ့)တို့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်တယ်လို့သိရပါတယ်။ ပွဲစဉ်တွေအားလုံးကို SkyNet Sports 4၊ SkyNet Sports HD၊ Channel 9 ရုပ်သံလိုင်းတွေနဲ့ ရွှေ FM ရေဒီယိုလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။