၅-၆-၂၀၁၉ ရက်နေ့တွင် ရတနာသိင်္ဃဟိုတယ်တွင်ကျင်းပပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၏ ပြောကြားချက်များ

 

မေလ (၃၀) ရက်နေ့က သမ္မတ ဦးဝင်းမြင့်ထံကို ပေးပို့လိုက်တဲ့ အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီးတော့မှ တာဝန်ရှိသူအချို့၊ မီဒီယာအချို့ထံက သတင်းမျိုးစုံတွေ၊ ဖြေကြားချက် မျိုးစုံတွေ တွေ့နေ ကြားနေရပါတယ်၊ တကယ်တော့ ကျွန်တော်တို့ နိုင်ငံရေးပါတီများ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာဟာ နိုင်ငံတော်ရဲ့ ပကတိ အခြေအနေ မှန်များပဲ ဖြစ်ပါတယ်။ ဒါတွေကို တာဝန်ရှိသူတွေက သိရှိ နားလည် လက်ခံပြီးတော့မှ အချိန်မီ ပြုပြင်ဆောင်ရွက် နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ပြုပြင် ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုး အများကြီးရှိပါတယ်။

ကျွန်တော်တို့ ဒီလက်ရှိပါတီ အစိုးရအဖွဲ့ စတင်ဖွဲ့စည်းစဉ်ကတည်းက သူတို့ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ တကယ်တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးဖြစ်ထွန်းမှုတွေ အောင်မြင်မှုတွေကို တကယ်လှိုက်လှိုက်လှဲလှဲ ကြိုဆို ထောက်ခံ အားပေးပါတယ်။

ဒီကနေ့ မအောင်မြင်မှု၊ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေအပေါ်မှာတော့ ကျွန်တော်တို့က ထောက်ပြဝေဖန်တာ၊ အကြံပေးတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီတွေအနေနဲ့ ပူးတွဲ သဘောထားကြေညာချက် (၂၃) စောင် ထုတ်ပြန်ပြီးတော့မှ အစိုးရကို အကြံပြုခဲ့ပါတယ်။

ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ဆိုရင် သတင်းထုတ်ပြန်ချက်၊ သဘောထားထုတ်ပြန်ချက် (၃၃) စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့က နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့တပြေးညီ အစိုးရ သိရှိ ပြီးတော့မှ ပြုပြင်နိုင်အောင်လို့ … ဥပမာ – စီးပွားရေးကျဆင်းနေတယ်၊ စီးပွားရေးအခက်အခဲဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ စီးပွားရေးဖိုရမ် ပြုလုပ်ပြီးတော့မှ တကယ့် စီးပွားရေး ကျွမ်းကျင်တဲ့၊ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပွဲလုပ်ပြီးတော့မှ ဒီနေ့ နိုင်ငံတော်မှာ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အဖြေတွေရအောင် ကျွန်တော်တို့ အကြံပြု ကူညီပေးခဲ့ပါတယ်။

ထို့နည်းတူစွာ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေး ယိုယွင်းလာတဲ့ အခြေအနေ ရှိတယ်ဆိုရင်လည်းပဲ ကျွန်တော်တို့က “တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ လုပ်ပြီးတော့မှ ဒီနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မှာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အကြံပြုခဲ့တယ်။

နောက်ဆုံး ကျွန်တော်တို့က ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အရေးအခင်းကိစ္စတွေ ဆိုလို့ရှိရင်လည်းပဲ သဘောထား ကြေညာချက်တွေ ထုတ်ပြန်တဲ့အပြင် ရခိုင်ပြည်နယ်အရေး ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတွေ လုပ်ပြီးတော့မှ အစိုးရကို အပြုသဘောဆောင်၊ အကောင်းမြင်ပြီးတော့မှ အကြံပေးခဲ့တာဖြစ်ပါတယ်။

ခံယူမယ့်၊ လက်ခဲတဲ့ အစိုးရရဲ့ သဘောထား၊ ဆောင်ရွက်ချက်များအပေါ်မှာ ကောင်းခြင်းဆိုးခြင်း၊ တိုးတက်ခြင်း မတိုးတက်ခြင်းဆိုတာ ဖြစ်လာမယ်လို့ ကျွန်တော်တို့ ဒီလို မြင်ပါတယ်။

ဦးပိုက်ထွေး
ဗဟိုအတွင်းရေးမှူး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၅.၆.၂၀၁၉ သတင်းစာရှင်းလင်းပွဲ၊ ရတနာသိင်္ဃဟိုတယ်