အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ် ငါးခု အပါအ၀င် ဆုကိုးခုရရှိ

အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းက ရွှေတံ ဆိပ်ငါးခုအပါအ၀င် ငွေတစ်ခု၊ ကြေးသုံးခုဖြင့် စုစုပေါင်းဆုတံ ဆိပ်ကိုးခု စတင်ရရှိခဲ့သည်။

အဆိုပါ မြားပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံမြားပစ်အား ကစားကွင်းတွင်  ကျင်းပနေသည်။

အိမ်ရှင်မြန်မာနှင့်အတူ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့ ၀င်ရောက်ယှဉ်ပြိုင်ကာ မြန်မာ မြားပစ်ကစားသမား ၂၀ ခန့် ပါဝင်ယှဉ်ပြိုင်နေသည်။

ပြိုင်ပွဲတွင် Recurve နှင့် Compound ဟူ၍ ပြိုင်ပွဲအမျိုး အစား နှစ်မျိုးကျင်းပမည် ဖြစ်ပြီး ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၁၀ ခုနှင့် ကြေးတံဆိပ် ၁၀ ခု ပေးအပ် ချီးမြှင့်မည် ဖြစ်သည်။

နိုဝင်ဘာ ၄ ရက် နံနက်က ကျင်းပသည့် မြားပစ်ပြိုင်ပွဲ ပထမနေ့တွင် အမျိုးသားတစ်ဦး ချင်း Recurve ပွဲစဉ်၌ မြန်မာမှ ကောင်းခန့်မော်က ရမှတ် ၆၅၀ ဖြင့် ရွှေတံဆိပ် စတင်ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် ထိုင်းကစားသမား သန်ဝေါင်က ၆၄၇ မှတ်ဖြင့် ငွေတံဆိပ်၊ မြန်မာမှ နေလင်း ဦးက  ၆၄၆ မှတ်ဖြင့် ကြေးတံဆိပ် ရရှိခဲ့သည်။

အမျိုးသမီး တစ်ဦးချင်း Recurve မြားပစ်ပြိုင်ပွဲတွင် မြန်မာမှ သီတာနွယ်က ရမှတ် ၆၀၅ မှတ်ဖြင့်  ရွှေတံဆိပ်၊ စန်းနုလွင်က ၆၀၄ မှတ်ဖြင့် ငွေတံဆိပ်၊ ခင်လေးလွင်က ၆၀၃ မှတ်ဖြင့် ကြေးတံဆိပ်အသီးသီး ရရှိခဲ့သည်။ ထို့အပြင် အမျိုးသားအဖွဲ့လိုက် Recurve မြားပစ်ပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ်တစ်ခုရရှိခဲ့သည်။

ထို့နောက် ညနေတွင် Compound မြားပစ်ပြိုင်ပွဲ အမျိုးသား တစ်ဦးချင်း၌ မြန်မာမှ ဇင်သူရိန်မှူးက ၆၉၈ မှတ်ဖြင့် ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး ဟောင် ကောင်မှ Tsui Chun Kit က ငွေတံဆိပ်နှင့် ဟောင်ကောင်မှ Tsui Wai Hung က ကြေးတံဆိပ် ရရှိခဲ့သည်။

အမျိုးသား၊ အမျိုးသမီး အရော Compound မြားပစ် ပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်၊ ဟောင်ကောင်က ငွေတံဆိပ်နှင့် လာအိုက ကြေးတံဆိပ် အသီးသီး ရရှိခဲ့သည်။

7Days