အိန္ဒိယတွင် လောင်စာဆီဈေး ကြီးမြင့်၍ ရာပေါင်းများစွာ ဆန္ဒပြ

ကိုလ်ကတ္တား၊ ဇွန် ၇

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် လောင်စာဆီဈေး မြင့်တက်ခြင်းကြောင့် ဇွန် ၆ ရက်တွင် ရာပေါင်းများစွာက ဆန္ဒပြကြသည်။

အရှေ့ပိုင်းမြို့ ကိုလ်ကတ္တားမြို့လယ်အနှံ့ ချီတက်ဆန္ဒပြကြစဉ် Trinamool Congress ပါတီအား ထောက်ခံသူ ဆန္ဒပြသူများက ဟင်းချက်ဂတ်စ်ဆလင်ဒါပုံစံတူများကို သယ်ဆောင်လာကြကာ ၀န်ကြီးချုပ် နာရိန္ဒြာမိုဒီအား ဆန့်ကျင်သော ဆောင်ပုဒ်များကို ဟစ်ကြွေးကြကြောင်း အီးပီအေသတင်းက ဖော်ပြသည်။

All India Trinamool Youth Congress က လှုံ့ဆော်ပြီး ဥက္ကဌဖြစ်သူ ဘန်နာဂျေးက ဦးဆောင်သည့် ယခုလူစုရုံးဆန္ဒပြချီတက်မှုသည် အိန္ဒိယပြည်နယ်အချို့၌ ဓာတ်ဆီ၊ ဒီဇယ်နှင့် ဂတ်စ်ဈေးများ တစ်ရိပ်ရိပ်မြင့်တက်ခြင်းကြောင့် ပေါ်ပေါက်လာသည့် ဆန္ဒပြမှုဖြစ်သည်။

၂၀၁၈ အစောပိုင်းမှ စတင်ကာ နိုင်ငံအနှံ့ လောင်စာဆီဈေးများ ဈေးခိုင်ကာ မြင့်တက်လာပြီးနောက် မြောက်ပိုင်းပြည်နယ်များတွင် မကြာသေးမီရက်ပိုင်းက ဈေးများ ကျဆင်းသော်လည်း နိုင်ငံ၏ ကျန်နယ်မြေများအနှံ့ ဈေးက မြင့်တက်နေဆဲ ဖြစ်သည်။

ဒေလီတွင် ဓာတ်ဆီဈေးက တစ်လီတာ ရူပီး ၇၇ ဒဿမ ၇၂ (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁၆ ဒေါ်လာ) ဈေးရှိပြီး မွမ်ဘိုင်းတွင်မူ ရူပီး ၈၅ ဒဿမ ၅၄ ရူပီး ရှိနေသည်ဟု Economic Times က သတင်းဖော်ပြထားသည်။

ကိုလ်ကတ္တားက ပေါက်ဈေးမှာ နှစ်စက ၇၃ ရူပီးမှာ တစ်ရိပ်ရိပ် တက်လာကာ ဇွန် ၅ ရက်တွင် ရူပီး ၈၀ ဒဿမ ၄၇ ရူပီး ရှိသည်။

အစိုးရသယ်ယူပို့ဆောင်ရေးယာဉ်များ များပြားလာခြင်းကြောင့် လောင်စာဆီဈေး တက်ခြင်းဖြစ်ကြောင်း ဇွန် ၆ ရက်တွင် အနောက်ဘန်ဂေါ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူဗန်ဒူက ကြေညာလျက် ဗဟိုအစိုးရကို အပြစ်ဆိုထားသည်။  

EFE-EPA