NCA လက်မှတ်ထိုး ရှစ်ဖွဲ့ခေါင်းဆောင်များ အစည်းအဝေး ချင်းမိုင်မြို့၌ နှစ်ရက်ကြာ ပြုလုပ်မည်

 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုဝင်ဘာ ၁၄ ရက်ကစ၍ နှစ်ရက်ကြာ ပြုလုပ်မည်ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

PPST အစည်းအဝေး၌ ယခုလ ၈ ရက်တွင်ပြုလုပ်မည့် အစိုးရ နှင့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်အပေါ် ပြန်လည်သုံးသပ် ရန် အချက် ပါဝင် ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ယခုလ ၁၀ ရက် နောက်ပိုင်းတွင် ငြိမ်းချမ်းရေး ကော်မရှင်အပါအဝင် အစိုးရ ကိုယ်စားလှယ်အဖွဲ့က ‘ဝ’ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ ဒေသသို့ သွားရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်ရလဒ်အပေါ် သုံးသပ် ဆွေးနွေးမှုများ ပါဝင်မည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာကဆိုသည်။

‘‘နောက်ပြီးတော့ ကျွန်တော်တို့ ကိုယ်၌က NCA အကောင်အ ထည်ဖော်တဲ့နေရာမှာ လိုအပ်တဲ့ အပိုင်းလေး တွေ ညှိနေတာ ရှိတယ်။ အစိုးရနဲ့ တပ်မတော်နဲ့။ အဲဒီညှိနေတာလေးတွေလည်း ကျွန်တော်တို့ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေ ဆုံးဖြတ်လို့ မရတာလေးတွေကို PPST ကနေ အတည်ပြုပေးတာတို့၊ လမ်းညွှန်ပေးတာတို့ လုပ်ရမှာပေါ့’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက အစည်းအဝေးကျင်းပမည့်အခြေအနေနှင့်ပတ်သက်ပြီး ပြောသည်။

PPST ခေါင်းဆောင်များနှင့် အစိုးရ၊ တပ်မတော်ခေါင်းဆောင်များ တက်ရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး (JICM)ကို နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပရန် သဘောတူထားရာ ယင်းအစည်းအဝေးအ တွက် ပြင်ဆင်သည့် ဆွေးနွေးမှု များလည်း PPST အစည်းအဝေး တွင် ပါဝင်မည်ဖြစ်သည်။

PPST တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင် လွတ်မြောက် ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA)၊ KNLA-PC ငြိမ်းချမ်းရေးကောင်စီ တို့မှ ခေါင်းဆောင်တစ်ဦးစီ ပါဝင်သည်။ PPST ခေါင်းဆောင်များသည် ပြီးခဲ့သည့် အောက်တိုဘာအတွင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် နေပြည်တော် ၌ သီးခြားစီ တွေ့ဆုံဆွေးနွေးထားသည်။