လိပ်ကျွန်းလူသတ်မှုသေဒဏ် အယူခံတင်သွင်းရန် ဥပဒေအကြံပေး အဖွဲ့ စေလွှတ်မည်

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်အပြစ်ပေးခံရသော မြန်မာလုပ်သားနှစ်ဦးအား ထိုင်း နိုင်ငံ ဗဟိုတရား ရုံးချုပ်သို့ အယူခံဝင်တင်သွင်းရန် မြန်မာနိုင်ငံမှ ဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့စေလွှတ်ရန် ဆောင်ရွက်နေ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် လ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာလုပ်သားနှစ်ဦးအရေး နှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက မတ်လ ၇ ရက်တွင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူး Mr.Chatchai Viriyavejakul နှင့် ဆွေးနွေးခဲ့သည်။ တရားခံ၏ ရှေ့နေများသည် နောက်ဆုံးအဆင့်အဖြစ် ရက် ပေါင်း ၃၀ အတွင်း ထိုင်းနိုင်ငံ၏ အမြင့်ဆုံးဖြစ်သော ဗဟိုတရားရုံးချုပ်သို့ ဆက်လက် အယူခံဝင်ခွင့်ရှိဦးမည်ဟု ဖော်ပြသည်။

သေဒဏ်ချမှတ်ခံထားရသော မြန်မာလုပ်သားနှစ်ဦးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ထိုင်းဥပဒေ နှင့်အညီ သက်သာမှုရစေရန် ဆက်လက်တင်ပြမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။ ‘‘ဒါ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင်နဲ့ နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတိုင်း စိတ်ဝင်စားပါတယ်။ သံရုံးကအဖွဲ့တွေလည်း သွားပြီးတော့မှ ဆောင်ရွက်နေတယ်’’ ဟု ၎င်းက ပြောသည်။

သေဒဏ်ချမှတ်ခံထားရသော မြန်မာလုပ်သားနှစ်ဦးအတွက် အဆင့်မြင့်တရားရုံး (High Court)အယူခံကို သုံးလအတွင်း တင်သွင်းမည်ဖြစ်ပြီး လာမည့်အယူခံရုံးသည် ကောင်းမွန်သည့်ရလဒ်များ ထွက်လေ့ရှိသဖြင့် မြန်မာပြည်သူများ စိတ်မပူကြရန် မြန်မာလုပ်သားနှစ်ဦးအရေး အကျိုးဆောင်ပေးနေသော ထိုင်းနိုင်ငံရှေ့နေ များကောင်စီ ဒုဥက္ကဋ္ဌ Mr.Damrongsak Kruakeaw က မတ်လ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မြန်မာလုပ်သားနှစ်ဦးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် FED အဖွဲ့မှ တာဝန်ရှိသူများသည် မတ်လ ၈ ရက်တွင် မြန်မာလုပ်သားနှစ်ဦး ထားရှိသော ဘန်ခွမ်အကျဉ်းထောင်သို့ ထောင်ဝင်စာသွား ရောက်တွေ့ဆုံ ခဲ့သည်။

မြန်မာလုပ်သားနှစ်ဦးသည် လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်အပြစ်ပေးခံထားရသဖြင့် အယူခံ တင်ပြသော် လည်း ထိုင်းအောက်တရားရုံးက မတ်လ ၁ ရက်၌ အယူခံကို ပယ်ချပြီး သေဒဏ်အမိန့် ထပ်မံအတည်ပြု ခဲ့သည်။

မြန်မာလုပ်သားနှစ်ဦးကို ထိုင်းအယူခံအောက် တရားရုံးက သေဒဏ် အမိန့်ထပ်မံချမှတ်သည့်အပေါ် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က စိတ်မကောင်းဖြစ်နေပြီး အဆင့်မြင့်တရားရုံးသို့ အယူခံတင်ပြ ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွှန်ကြားထားသည်။

# 7 Day Daily