နွေစပါးမပေါ်မီ ပြည်ပဆန်ဝယ် သင်္ဘော ဆိုက်ကပ်နေ၍ ဆန်ကြမ်းဈေးနှုန်း အနည်းငယ်မြင့်တက်

ရန်ကုန် ဖေဖော်ဝါရီ ၅

မိုးစပါးအကုန် နွေစပါးမပေါ်မီ ကြားကာလ၌ ပြည်ပမှ ဆန်ဝယ်သင်္ဘောများ ဆိုက်ကပ်နေ၍ ပြည်ပသို့ တင်ပို့နေသော ဆန်ကြမ်းဈေးနှုန်း အနည်းငယ်မြင့်တက်ကာ ပြည်တွင်း၌ စားသုံးမှုများသည့် ဆန်ချော ဈေးနှုန်းများမှာ ဈေးနှုန်းအတက်အကျ မကြမ်းဘဲ ပုံမှန်အတိုင်းသာရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။

”ဆန်ချောကတော့ ပြည်တွင်းစားသုံးတဲ့အတွက် ပုံမှန်ပါပဲ။ ဆန်ကြမ်းက Export ၂၅ မှတ်ဆန်တို့၊ ငါးမှတ်ဆန်တို့က လက်ရှိမှာ မိုးစပါးအထွက်ရပ်သွားလို့ နောက်ဆုံး လက်ကျန်ပဲရှိတော့တယ်။ ဖေဖော်ဝါရီလ ကုန်လောက်မှာ နွေစပါးပေါ်မှာပါ။ အခု ပြည်ပဝယ်လက်တွေက အရေးကြီးနေတဲ့အခါကျတော့ သူတို့ မဖြစ်မနေရှာပြီး ဝယ်နေရတဲ့အတွက် ဆန်ကြမ်းဈေးနှုန်း တက်လာတယ်” ဟု ဦးသန်းဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်ပတ်ခန့်က တစ်အိတ်လျှင် ငွေကျပ် ၁၈၅ဝဝ မှ ငွေကျပ် ၁၉ဝဝဝ အတွင်းရှိခဲ့သည့် ဆန်ကြမ်းဈေးမှာ ငွေကျပ် ၂ဝဝဝဝ အထိ ဈေးနှုန်းတက်သွားကာ ငွေကြေးဈေးနှုန်းမှာလည်း အမေရိကန် တစ်ဒေါ်လာ ငွေကျပ် ၁၃၆ဝ ဝန်းကျင်မှ ငွေကျပ် ၁၃၂၅ ဝန်းကျင်ဖြစ်သွားသဖြင့် ပြည်ပဝယ်လက်များ အရှုံးပေါ်နေသည်။

ဆန်ချောဈေးနှုန်းများမှာ ပြည်တွင်းဝယ် လိုအားကို ရောင်းအားက ထိန်းချုပ်ထားကာ ရောင်းချသည့်အတွက် အတက်အကျမကြမ်းဘဲ မြစ်ဝကျွန်းပေါ်ဒေသမှ ထွက်ရှိသည့် ပေါ်ဆန်းဈေးမှာ တစ်အိတ် လျှင် ငွေကျပ် သုံးသောင်းနှင့် လေးသောင်းကြား၊ ရွှေဘို ပေါ်ဆန်းအသစ် တစ်အိတ်လျှင် ငွေကျပ် လေးသောင်းဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း အဟောင်းမှာ လက်ကျန်မရှိတော့သည့် အတွက် တစ်အိတ် လျှင် ငွေကျပ်ခြောက် သောင်းဝန်းကျင်တွင် ရှိသည်။

လာမည့်တစ်ပတ်တွင် ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်၌ Export ၂၅ မှတ်ဆန်မှာ ဈေးနှုန်း မကျဆင်းနိုင်ဘဲ ယခုဈေးနှုန်းထက် ငွေကျပ် ၁ဝဝ၊ ၂ဝဝ ဝန်းကျင်သာ ထပ်မံတက်နိုင်ကြောင်း သိရသည်။  (MWD)