၂၁ ရာစုပင်လုံညီလာခံကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပရန် ရည်မှန်းသတ်မှတ်ကြောင်း UPDJC ဆုံးဖြတ်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်တွင် အစော ဆုံးကျင်းပရန် ရည်မှန်းသတ်မှတ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်၌ ကျင်းပခဲ့ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်သည်။

အဆိုပါညီလာခံကို ငါးရက်ကြာကျင်းပရန်လျာထားပြီး ညီလာခံသို့ အပစ်ရပ်စာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖိတ်ကြားမည့်ကိစ္စနှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

‘‘ညီလာခံကြီးက ငါးရက်လောက်ကြာပါမယ်။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ဖိတ်ကြားဖို့ဆိုတာ အရင်အတိုင်းပဲ။ တစ်ခုပဲရှိတာက အကယ်၍များ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးခဲ့သော် သူတို့လည်း ကိုယ်စားလှယ်အဖြစ် တက်ရမှာပေါ့’’ ဟု UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

NCA စာချုပ်အရ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ညီလာခံသို့ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခွင့်မရှိပေ။ ညီလာခံသို့ လေ့လာသူအဖြစ်ဖိတ်ကြားပါက တက်ရောက်မည်မဟုတ်ဟု NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများက ထုတ်ဖော် ပြောကြားထားသည်။

‘‘ပထမဆုံးအကြိမ် ညီလာခံ ၂၀၁၆ ဇန်နဝါရီမှာ လုပ်တုန်းက အထူးဖိတ်ကြားသူအဖြစ် ဖိတ်တယ်။ တက်ရောက်မှုမရှိဘူး။ ဒုတိယအကြိမ် (အစိုးရသစ်လက်ထက် သြဂုတ် ၃၁ ရက်တွင် ကျင်းပ) မှာ ကျတော့ ကိုယ်စားလှယ်အနေနဲ့လည်းမဟုတ်ဘူး။ သူတို့လည်းတက်နိုင်အောင်ဆိုပြီးတော့ တက်တဲ့ သူ ကိုယ်စားလှယ်တိုင်းကို ကိုယ်စားလှယ်အဖြစ် မသတ်မှတ်ဘဲ တက်ရောက်သူများလို့ သတ်မှတ် တယ်။ ဒီတစ်ခေါက်မှာကျတော့ ဆုံးဖြတ်ချက်ချရမယ့် အချက်တချို့ရှိတဲ့အပေါ်မှာ ကိုယ်စားလှယ် ရှိရမယ်။ ဒါကြောင့် သူတို့ကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်မယ်။ တက်ရောက်၊ မတက်ရောက် ဆိုတာ သူတို့အဆုံးအဖြတ်ပေါ် မူတည်တယ်’’ ဟု NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များ ဖိတ်ကြားရေးနှင့်ပတ်သက်၍ UPJDC ဒုဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

UPDJC အစည်းအဝေးတွင် လာမည့် ညီလာခံ၌ အားလုံး လက်ခံနိုင်သော အခြေခံမူများ ဖော်ထုတ် ရေး၊ အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်အပါအဝင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် ကျင်းပရေး၊ UP DJC ရုံးအဖွဲ့ ဖွဲ့စည်းရေးတို့ အပါအဝင် ဆုံးဖြတ်ချက် ၂၀ ချမှတ် သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် UPDJC ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေး ပါတီများအစုအဖွဲ့၊ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအစုအဖွဲ့ စသဖြင့် ကိုယ်စားလှယ် ၄၈ ဦး ဖြင့် ဖွဲ့စည်းထားသည်။ UPDJC သည် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေး ပွဲများ အောင်မြင်ရန် အဓိကဆောင်ရွက်ရသည့် ကော်မတီဖြစ်သည်။

# 7 Day Daily