နိုင်ငံ့ဝန်ထမ်းများ သင်္ကြန်ပိတ်ရက် ၁၀ ရက်ရမည်

နိုင်ငံ့ဝန်ထမ်းများအား မူလက ခံစားခွင့်ပြုထားသော မဟာသင်္ကြန်ပိတ်ရက် ၁၀ ရက်ကို တစ်ဆက်တည်း ခံစားခွင့်ရရှိရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားသည်။

၂၀၁၇ တွင် သင်္ကြန်ပိတ်ရက်သည် ငါးရက်သာဖြစ်သော်လည်း ၀န်ထမ်းများအား အုပ်ချုပ် ရေးနည်းလမ်း ဖြင့် ဆောင်ရွက်ပေးသည့် ၁၀ ရက်အပြင် ထပ်မံပြင်ဆင်သတ်မှတ်ထားသည့် အခြားပိတ်ရက် ငါးရက် ကိုလည်း ဆက်လက်ခံစားခွင့်ရရှိမည်ဟု ဦးဇော်ဌေးက ပြောသည်။ ‘‘အခုသင်္ကြန်ပိတ်ရက် ၁၀ ရက်ဖြစ်ပေ မယ့် ပြက္ခဒိန်မှာ ပြင်ထားတဲ့ အားလပ်ရက်တွေ ထပ်ရမယ်။ ဒါကလည်း အစိုးရအဖွဲ့အတွင်းက ဌာနဆိုင်ရာ အစီအစဉ်နဲ့လုပ်တာ’’ ဟု ၎င်းကဆက်ပြောသည်။

၂၀၁၇ ပြက္ခဒိန် အတွင်း ရုံးပိတ်ရက်များ၊ အများပြည်သူ အလုပ်ပိတ်ရက်များကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၆ မေလ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာရာ နှစ်သစ်ကူးရုံးပိတ်ရက်များကို မဟာသင်္ကြန်အကြိုနေ့ မတိုင်မီ တစ်ရက်ကစ၍ ၁၀ ရက်တိတိ သတ်မှတ်ခဲ့သည်။

ယင်းသို့ သတ်မှတ်ခဲ့မှုကြောင့် ရက်ရှည်ကာလ ရုံးပိတ်ရက်နှင့် ဘဏ်ပိတ်ရက်ရှည်ဖြစ်ပေါ်ရာ နိုင်ငံတကာ နှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်လာခြင်းနှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာခြင်းများ ဖြစ်ပေါ်၍ နှစ်သစ်ကူးရုံးပိတ်ရက်ကို မတ်လ ၁၀ ရက်တွင် ငါးရက်သို့ လျှော့ချ ပြင်ဆင်သတ်မှတ်ခဲ့သည်။

ထိုသို့သတ်မှတ်ရာတွင် ဗဟိုအဖွဲ့အစည်း၊ ၀န်ကြီးဌာနများရှိ  ၀န်ထမ်းများအနေဖြင့် သင်္ကြန်တွင်း မိသားစု ပြန်လည်တွေ့ဆုံခြင်း၊ အလှူအတန်း၊ ဘာသာရေး ပြုလုပ်ခြင်းနှင့် အပန်းဖြေခရီးသွားရောက်ရန် စီစဉ်ထား ခြင်းရှိနေသဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာအစီအစဉ်ဖြင့် မူလသတ်မှတ်ထားသည့် ပိတ်ရက်ရရန် ဆောင်ရွက် ပေးမည်ဟု ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ကို မတ်လ ၁၃ ရက်၌ ပညာရေးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီး ဌာနများက ထပ်ဆင့်ညွှန်ကြားချက်ထပ်မံထုတ်ပြန်ခဲ့သည်။

သင်္ကြန်နှစ်ကူးရုံးပိတ်ရက်ကို ငါးရက်သို့ လျှော့ချရန် စီစဉ်ပြီး ကျန်ရုံးပိတ်ရက်များကို သီတင်းကျွတ်၊ တန်ဆောင်တိုင် နှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် အစားထိုးဖြည့်တင်း ဆောင် ရွက်မည် ဖြစ်ကြောင်း ကြေညာထားသည်။

ယခုရုံးပိတ်ရက်များသည် ၂၀၁၇ ပြက္ခဒိန်နှစ်အတွက်ဖြစ်ပြီး ၂၀၁၈ ပြက္ခဒိန်တွင် ဇန်န၀ါရီ ၁ ရက်သည် ရုံးပိတ်ရက်ဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

# 7 Day Daily