ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆွယ်စည်းရုံးရာတွင် တစ်နေရာတည်း၌ နိုင်ငံရေးပါတီ တစ်ခုနှင့်တစ်ခု မထပ်စေရန် ကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများ ပါဝင်သည့် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းမည်

ကားဖြတ်ရွေးကောက်ပွဲ၌ မဲဆွယ်စည်းရုံးရာတွင် တစ်နေရာတည်း၌ နိုင်ငံရေးပါတီ တစ်ခုနှင့်တစ်ခု မထပ်စေရန် နိုင်ငံရေးပါတီများ ပါဝင်သည့် ကြီးကြပ်ရေးကော်မတီများအား သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဇန်န၀ါရီ ၃ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများနှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲတွင် ကော်မတီများဖွဲ့စည်းရေးကိစ္စအား ကော်မရှင်ဘက်က အသိ ပေးခဲ့ခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ခြင်းမပြုဘဲ လူကြီးလူကောင်းပီပီ ဆောင်ရွက်ရန် ကော်မရှင်ဘက်က အသိပေးခဲ့ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးရေးနှင့် ပတ်သက်သည့် တရားမဲ့ပြုကျင့်မှုများရှိခဲ့ပြီး ယခုနောက်ဆုံး ကျင်းပခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း တရားမဲ့ပြုကျင့်မှု ၄၀ ကျော်ရှိ ည့်အတွက် စိစစ်နေရဆဲဖြစ်ကြောင်း၊ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ လျော့ပါးစေလိုကြောင်း ကော်မရှင်က နိုင်ငံရေးပါတီများအား အသိပေးခဲ့ သည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ထို့အတူ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အချို့၏ အသုံးပြု မည့် အမှတ်တံဆိပ်သည် တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ အမှတ်တံဆိပ်နှင့် ဆင်တူမှုများ ရှိနေ ကြောင်း၊ ထိုသို့ ဆင်တူမှုများကြောင့် မဲဆန္ဒရှင်များ မဲပေးရာတွင်ေ၀၀ါးသွားနိုင်သဖြင့် ဒေါက်တာအေးမောင်က ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် အမ်းမဲဆန္ဒနယ် အခြေအနေအား ဥပမာပေး၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အား တင်ပြခဲ့ကြောင်း သိရသည်။

အမ်းမဲဆန္ဒနယ်၌ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီတံဆိပ်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း၏တံဆိပ်တို့ ဆင်တူနေသဖြင့် ရေရှည်ရပ်တည်ပြီး ရွေးကောက်ပွဲများစွာ ဖြတ်သန်းရန် မှတ်ပုံတင်ထားသည့် ပါတီအမှတ်တံဆိပ်နှင့် ရွေးကောက်ပွဲတစ်ခုတွင် ခေတ္တ၀င်ရောက်ယှဉ်ပြိုင်သည့် အမှတ် တံဆိပ်တို့ ဆင်တူနေမှုအပေါ် ကန့်ကွက်ခဲ့ကြောင်းနှင့် ကွဲပြားသည့်အမှတ်တံဆိပ် အသုံးပြုစေရေး သတ်မှတ် ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား အဆိုပြုခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

ထို့ပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံအရ မဲရုံတစ်ခုတွင် လာရောက်မဲပေးရသည့် အနီးနား ကျေးရွာများမှ မဲဆန္ဒရှင်များသည် အချိန်မီမဲလာရောက်ပေးနိုင်ခြင်းမရှိပါက အဆိုပါရွာနှင့် အနီးဆုံး မဲရုံအား ယင်းကျေးရွာသို့ ပြောင်းပေးသင့်ကြောင်းကိုလည်း တင်ပြခဲ့ကြောင်း ဒေါက်တာအေးမောင် က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိပြီး တစ်သီးပုဂ္ဂလ ခုနစ်ဦး အပါအ၀င် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၈ ဦး စုစုပေါင်း ၉၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင်  ပြည်သူ့လွှတ်တော် ကိုးနေရာအတွက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ် စားလှယ်လောင်း ခြောက်ဦး အပါအ၀င် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၉ ဦး၊ အမျိုးသားလွှတ်တော် သုံးနေရာအတွက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး အပါအ၀င် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။         # Eleven