ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောကြားချက် အစိုးရက တစ်ပတ်အတွင်း ဖြေရှင်းပေးရန် မဘသတောင်းဆို

မဘသအဖွဲ့မလိုအပ်ကြောင်း ပြောကြားခဲ့သော ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်၍ အစိုးရတာဝန်ရှိသူများက တစ်ပတ်အတွင်း (ဇူလိုင် ၁၄ ရက် နောက်ဆုံးထား၍) ဖြေရှင်းပေးရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က လေးနက်စွာ တောင်းဆို ကြောင်း သဘောထားထုတ်ပြန်သည်။

တစ်ပတ်အတွင်း မဖြေရှင်းပေးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးကောက်ခံမည့် လှုပ်ရှားမှုများပါ ပြုလုပ်မည်ဖြစ်ကြောင်း မဘသဦးဆောင် ဆရာတော် ဦးဝီရသူက မီဒီယာများအား မိန့်ကြားသည်။

‘‘ပြောလို့ရတဲ့အကြောင်းအရာတွေက နံပါတ်(၁) ဆန္ဒထုတ်ဖော်သင့်ရင် ထုတ်ဖော်ရမယ်။ နံပါတ်(၂) Right to Recall အတွက် လက်မှတ်ကောက်ခံသင့်ရင် ကောက်ခံရမယ်’’ ဟု ဦးဝီရသူက မိန့်ကြား သည်။

အင်းစိန်မြို့နယ် ရွာမပရိ ယတ္တိစာသင်တိုက်တွင် ဇူလိုင် ၇ ရက်က ပြုလုပ်ခဲ့သော မဘသ ဦးဆောင် ဆရာတော်များ အထူးအစည်းအဝေးအပြီး၌ အချက်ခြောက်ချက်ပါသော ထုတ်ပြန်ချက်ကို ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

‘မဘသအဖွဲ့မလိုအပ်ပါ’ ဟု ပြောကြားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း   နှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ မေတ္တာရပ်ခံလွှာပေးပို့မည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးထံသို့လည်း မေတ္တာရပ်ခံလွှာပေးပို့မည်ဟု ဆိုသည်။

နိုင်ငံတော်အစိုးရ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ အမျိုး ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နေသည့် မဘသအဖွဲ့အစည်းအဝေးအပေါ် မလိုမုန်းထား ရန်ငြိုးပွား၍ မတရားကြံစည် အားထုတ်နေမှုများကို ဇူလိုင် (၁၄) ရက် နောက်ဆုံးထား၍ တာဝန်ယူ ဖြေရှင်းပေးရန် လေးနက်စွာ တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဖြိုးမင်းသိန်းက စင်ကာပူခရီးစဉ်အတွင်း ဇူလိုင် ၃ ရက်က နိုင်ငံတော်တွင် တရာဝင်ဖွဲ့စည်းထားသော သံဃာမဟာနာယက(မဟန) ဖွဲ့စည်းထားပြီး အဆင့်ဆင့်သော သံဃအဖွဲ့အစည်းရှိကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် ‘မဘသ’ အဖွဲ့ မလိုအပ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သတင်းများထွက်ပေါ် ခဲ့သည်။ ထို့အပြင် ဇူလိုင် (၆) ရက်က ရန်ကုန်လေဆိပ်၌ ၀န်ကြီးချုပ်၏ပြောစကားနှင့် ပတ်သက်၍ မကျေနပ်သူအချို့က ဆီးကြိုဆန္ဒပြခြင်းအပေါ် ဦးဖြိုးမင်းသိန်းအား သတင်းထောက်များက မေးမြန်းရာ ‘မဘသအဖွဲ့’ မလိုအပ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ဇူလိုင် ၇ ရက်တွင် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အမှူးရှိသော အဖွဲ့ဝင်ဆရာတော်ကြီးများအား သွားရောက်ကြည်ညို သြ၀ါဒခံယူခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

ထိုသို့ သြ၀ါဒခံယူရာတွင် ဆရာတော်ဘုရားကြီးများက ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွား ရေးအတွက် ဆရာ၊ ဒကာ ညီညွတ်စွာ ဆောင်ရွက်ကြရန် လမ်းညွှန်သြ၀ါဒ မိန့်ကြားကြောင်း ဖော်ပြ ထားသည်။

‘မဘသအဖွဲ့’ သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် သို့ ဆက်သွယ်မေးမြန်းရာ ‘‘ဘာမှမမြင်ရတဲ့ အတွက် ဘာမှမပြောချင်ပါဘူး’’ဟု ပြန်လည်ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခွင့်မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံသို့ ဆက်သွယ်ရာ တာဝန်ရှိသူတစ်ဦးက ဖြေကြားပိုင်ခွင့်မရှိ၍ ၀န်ကြီး၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံသို့သာ ဆက်သွယ်ရန်ပြောသည်။ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံသို့ ဆက်သွယ်ရာ ဖုန်းအဆက်အသွယ် မရခဲ့ပေ။

မဘသဟု လူသိများသည့် အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ကို ၂၀၁၃ ဇွန်လ ၂၇ ရက်က ပြုလုပ်သည့် အင်းစိန် သံဃာ့ညီလာခံတွင် ဒေသအသီးသီးမှ ကြွရောက်လာသည့် သံဃာတော်အပါး ၁,၃၅၀ ကျော်တို့၏ သဘောတူ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

7 Day Daily


Leave a Reply