အကျဉ်းသားဦးရေ ကျော်လွန်နေသည့်အတွက် ရဲဘက်စခန်းများ ဆက်ထားမည်

အကျဉ်းထောင်များတွင်ထားရှိရမည့် အကျဉ်းသားဦးရေ ကန့်သတ်ချက်ထက် ကျော်လွန်နေသည့်အတွက် ပြစ်ဒဏ်ကျခံ အကျဉ်းသားများ၏ လုပ်အားဖြင့် စိုက်ပျိုးရေးစခန်းများ၊ ကျောက်ထုတ်လုပ်ခြင်းစခန်းများ (ရဲဘက်) ကို ဖျက်သိမ်းပေးနိုင်ခြင်းမရှိဘဲ ဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က ရဲဘက်စခန်းများကို ဖျက်သိမ်းရန် အစီအစဉ် ရှိ/မရှိ မေးမြန်းရာ   ပြည်ထဲရေးဒုဝန်ကြီးက အကျဉ်းဦးစီးဌာန လက်အောက်တွင် အကျဉ်းထောင် ၄၆ ခုရှိပြီး  အကျဉ်းသားဝင်ဆံ့မှု ၄၄,၄၁၁ ဦးသာဖြစ်သော်လည်း ကျန် အကျဉ်းသားနှင့် အချုပ်သားဦးရေ ၇၄,၈၉၃ ဦး ရှိသည့်အတွက် ဝင်ဆံ့မှုထက် လူပေါင်း သုံးသောင်းကျော် ပိုနေသဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးအတတ်သင်စခန်း တစ်ခုလျှင် အကျဉ်းသား ၅ဝဝ ဦးခန့်ဖြင့် ၁၅ဝဝဝ ခန့်ကို ထားရှိပေးထားကြောင်း ဖြေကြားခဲ့သည်။

“သက်မွေးပညာရပ်များ သင်ကြားခြင်းများကိုလည်း အလေးအနက်ထား ဆောင်ရွက်နေတဲ့အပြင် စခန်းများ စနစ် တကျ ရှိစေရေးတို့ကိုလည်း တာဝန်ရှိသူ အဆင့်ဆင့်နဲ့ အဖွဲ့အစည်းများမှ စဉ်ဆက်မပြတ် စိစစ်ဆောင်ရွက်လျက် ရှိတဲ့အတွက် စိုက်ပျိုး မွေးမြူရေးနဲ့ သက်မွေး အတတ်သင် စခန်းများကို ဖျက်သိမ်းပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဗိုလ်ချုပ်အောင်စိုးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှစ၍ ပြစ်မှုကြွေး ချွေးဖြင့် ဆပ်မည် ဆိုသည့် ဆောင်ပုဒ်ဖြင့် အလုပ်စခန်းများ ပေါ်ပေါက်ခဲ့ပြီး အလုပ်စခန်းများကို (ရဲဘက်) ဟူသော တရားဝင် ထုတ်ပြန်ထားခြင်း မရှိသည့် အခေါ်အဝေါ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

 

# The Voice


Leave a Reply