ရုရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရာရှိ ကန်ဒေါ်လာ သန်း ၁၂၀ နှင့်အတူ ဖမ်းဆီးခံရ

dollars-photo-cen

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ထိပ်တန်းအရာရှိတဦးကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ရုရှားနိုင်ငံမှာ အစုလိုက်အပြုံလိုက် အဂတိတိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေပြီလို့ စက်တင်ဘာ ၁၂ ရက်နေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီမီထရီ ဇက်ခါချန်ကိုဟာ ရုရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီမှ ခေါင်းဆောင်တဦးဖြစ်ပြီး မော်စကိုက သူ့နေအိမ်မှာ စက်တင်ဘာ ၁၀ ရက်နေ့က လာဘ်ပေးလာဘ်ယူပြု ယူထားခဲ့တဲ့ ငွေတွေနဲ့အတူ ရဲတွေက ဖမ်းမိခဲ့တာပါ။

အတွင်းသတင်းရင်းမြစ်တဦးကတော့ “နောက်ဆုံးပမာဏကိုတော့ မသိပါဘူး။ ရဲတွေဟာ သူ့နေအိမ်မှာ ၀ှက်ထားတာ တွေကိုပဲ ရှာဖွေနိုင်သေးတာပါ။ သူ့ရဲ့ တခြား ပိုင်ဆိုင်မှုတွေ ဘယ်လောက်များများရှိတယ်ဆိုတာ မသိနိုင်သေးပါဘူး။ ခုထိတော့ ဆက်လှုပ်ရှားနေကြတုန်းပါ” လို့ ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ခုလို အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံအ၀ှမ်း ပိုက်စိပ်တိုက်ချေဖျက်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ဟာ အလွန်တရာမှ ရှုပ်ထွေးပြီးတော့ ဆူးငြောင့်ခလုတ်များ ပါတယ်” လို့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ် က ပြောပါတယ်။

တခြားတဘက်မှာတော့ ရုရှားအင်အားကြီးပုဂ္ဂိုလ် ပူတင်ဟာ လာဘ်ပေးလာဘ်ယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေခဲ့ချိန်မှာ မျက်စိပိတ်နားပိတ် နေခဲ့တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့တာပါ။

(DVB Burmese)


Leave a Reply