စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တရားစွဲဆိုနိုင်သော ဥပဒေကြမ်း အိုဘားမားပယ်ချမည်

14352070_1100807296678823_8955285024134770854_o

ဝါရှင်တန် စက်တင်ဘာ ၁၃

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် ယင်းတိုက်ခိုက်မှု အတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့သူများအနေဖြင့် လျော်ကြေးရရှိနိုင်ရေးအတွက် ဆော်ဒီအာရေဗျ အစိုးရ အဖွဲ့အား တရားစွဲဆိုနိုင်ရန် ခွင့်ပြုပေးမည့် ဥပဒေကြမ်းတစ်ရပ်ကို သမ္မတဘားရက်အိုဘားမားက ဗီတိုအာဏာ အသုံးပြု၍ ပယ်ချမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ်အန်းနက်က ပြောကြားလိုက်သည်။

အဆိုပါဥပဒေကြမ်းကို သမ္မတအိုဘားမားက လက်မှတ်ရေးထိုးမည်ဟု မိမိမထင်ကြောင်း၊ အကြမ်းဖက်မှုကို တုံ့ပြန်ရာ တွင် မိမိတို့ အထိရောက်ဆုံး ဆောင်ရွက်နိုင်မည့် နည်းလမ်းတစ်ရပ်အဖြစ်သာ ယင်းဥပဒေကို အသုံးပြုနိုင်ရန် ရည်ရွယ်ကြောင်း အန်းနက်က ပြောကြားသည်။

အမေရိကန်အောက်လွှတ်တော်သည် စက်တင်ဘာ ၉ ရက်တွင် ယင်းဥပဒေကြမ်းကို ကန့်ကွက်မှုမရှိဘဲ အတည်ပြု ပေးခဲ့သည်။ အမေရိကန်အထက်လွှတ်တော်ကမူ မေလတွင် တစ်ခဲနက်အတည်ပြုပေးခဲ့ပြီးဖြစ်ရာ ဥပဒေအဖြစ် အာဏာသက်ဝင်နိုင်ရေးအတွက် သမ္မတ အိုဘားမားက လက်မှတ်ရေးထိုးအတည်ပြုပေးရန် လိုအပ်သည်။

ယင်းဥပဒေအာဏာသက်ဝင်လာမည်ဆိုပါက စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုကို တွေ့ကြုံခံစား ခဲ့ကြရသူများ၏ မိသားစုများအနေဖြင့် ဆော်ဒီအာရေဗျ အစိုးရအဖွဲ့ကို အမေရိကန်တရားရုံးများတွင် တရားစွဲဆိုလာ နိုင်မည်ဖြစ်သည်။

(ရိုက်တာ)


Leave a Reply