ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအတွက် အလှူငွေပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ယခုလ (၃) ရက် နံနက် (၁ဝ) နာရီက နေပြည်တော်ရှိ ကရုဏာ ကမ္ဘာ ဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ကြောင်းသိရသည်။
ဗဟိုဦးဆောင်ကော်မတီဝင်နှင့်ဇနီးတို့အား ဘိုးဘွားရိပ်သာကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း (ဗိုလ်မှူးချုပ်-ငြိမ်း) နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ရိပ်သာဧည့်ခန်းမတွင် ဘိုးဘွားရိပ်သာဖြစ်ပေါ်လာပုံ သမိုင်းကြောင်း နှင့် အဘိုးအဘွားများအား စောင့်ရှောက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားရာ ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့် ဇနီး ဒေါ်နီနီဝင်း တို့က အလှူငွေကျပ် သိန်းငါးဆယ်တိတိကို ရိပ်သာ ဒုတိယဥက္ကဋ္ဌထံပေးအပ် လှူဒါန်းခဲ့သည်။

ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာကို ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ထွန်းကြည်က နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စွန့်လွှတ်စွန့်စား တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားစစ်သား၊ စစ်သမီးကြီးများ နိုင်ငံ့တာဝန်မှ အနားယူချိန်တွင် အေးချမ်းစွာ နားခိုနိုင်ရေးအတွက် ရည်ရွယ်ကာ ‘စွန့်လွှတ်စွန့်စား သူတို့၏နားခိုရာ’ ဟူသောဆောင်ပုဒ်နှင့်အညီ စိတ်တူကိုယ်တူရှိသူများနှင့် ပူးပေါင်းတည်ထောင် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။


Leave a Reply