ရာထူးမှ ဆိုင်းငံ့ခံထားရသည့် သမ္မတ ရူးဆက်ဖ်ကို တရားစွဲဆိုရေးကိစ္စ ဘရာဇီး လွှတ်တော်တွင် အငြင်းအခုံဖြစ်နေ

ferfgrg

အစိုးရ အသုံးစရိတ် ဥပဒေများကို ချိုးဖောက်မှုနှင့် ပတ်သက်၍ ရာထူးမှ ဆိုင်းငံ့ခံထားရသည့် သမ္မတ ဒယ်လ်မာရူး ဆက်ဖ်ကို တရားစွဲရေးအတွက် ဘရာဇီး ဥပဒေပြု လွှတ်တော်တွင် အခြေအတင် ဆွေးနွေးနေကြောင်း သိရသည်။

အမတ် ၈၁ ဦးရှိသည့် ဥပဒေပြု လွှတ်တော်တွင် မေလကတည်းက ရာထူးမှ ဆိုင်းငံ့ခြင်း ခံထားရသည့် ရူးဆက်ဖ် အပေါ် တရားစွဲဆိုမှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိနေသည်။ သို့သော် အမတ်အများစုက အဆိုပါ တရားစွဲဆိုမှုကို ထောက်ခံမည့် အလားအလာ ရှိနေသောကြောင့် လက်တွေ့ ဖြစ်မြောက်လာနိုင်ကြောင်း သတင်းများ လည်း ထွက်ပေါ်လျက် ရှိသည်။

ရူးဆက်ဖ်သည် သူမ၏ ဒုတိယ သမ္မတသက်တမ်း အောင်နိုင်ရေး မဲဆွယ်မှု၌ ပြည်သူ့ထောက်ခံမှုကို ပိုမိုရရှိစေရန် အတွက် ဘဏ်များမှ ငွေချေးပြီး အစိုးရ ဘတ်ဂျတ် စာရင်းများကို လိမ်လည် ပြသကြောင်း စွပ်စွဲခံရပြီးနောက် လွှတ်တော်၏ မဲခွဲမှုဖြင့် ရာထူးမှ ဆိုင်းငံ့ခြင်း ခံထားရသူ ဖြစ်သည်။ သူမက အဆိုပါ စွဲချက်အားလုံးသည် နိုင်ငံရေးအရ လုပ်ကြံသည့် မုသားများသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

လွှတ်တော်က ရူးဆက်ဖ်ကို တရားရုံးတင် စစ်ဆေးစေလိုပါက ယင်းအဆိုအတွက် မဲအားလုံး၏ သုံးပုံနှစ်ပုံစာ ထောက်ခံမှု ရရှိရန် လိုအပ်နေသည်။ ဥပဒေပြု လွှတ်တော်အမတ်များက လက်ရှိ ကျင်းပနေသည့် ရီယိုဒီဂျနေရိုး အိုလံပစ်ပြိုင်ပွဲကြီး၏ ပိတ်ပွဲအပြီး သီတင်းပတ်တွင် မဲခွဲဆုံးဖြတ်မှု အထမြောက်ရန် မျှော်လင့်နေသည်။

လတ်တလောတွင် အလုပ်သမား ပါတီအတွင်းရှိ ရူးဆက်ဖ်၏ မဟာမိတ်များက မဲခွဲမှု အဆိုကို ပယ်ဖျက်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ ရူးဆက်ဖ်၏ ရာထူး ဆိုင်းငံ့ ခံထားရစဉ် ဒုတိယ သမ္မတဖြစ်သူ မိုက်ကယ်တာမာက နိုင်ငံကို တာဝန်ယူ အုပ်ချုပ်လျက် ရှိသည်။ အကယ်၍ ရူးဆက်ဖ်သာ ရာထူးမှ အပြီးတိုင် ဖယ်ရှားခံရပါက ယာယီ သမ္မတ တာမာသည် နောက်ထပ် ရွေးကောက်ပွဲအသစ် ကျင်းပမည့် ၂၀၁၈ ခုနှစ်ထိ တာဝန်ယူခွင့် ရှိနေမည် ဖြစ်သည်။

တာမာသည် ယခင်က ရူးဆက်ဖ်၏ ညွန့်ပေါင်း အစိုးရ အဖွဲ့တွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရူးဆက်ဖ်ကို ရာထူးမှ ဆိုင်းငံ့ခြင်း ခံရစေရန် သိသာစွာ အားထုတ်ခဲ့ပြီး ရူးဆက်ဖ်ကိုယ်တိုင်က တာမာကို သစ္စာဖောက်တစ်ဦးအဖြစ် လူသိရှင်ကြား စွပ်စွဲခဲ့သည်။

Ref: Reuters


Leave a Reply