ပရီးမီးယားလိဂ်ကလပ်များ၏ လစာငွေမှာ စီးရီးအေနှင့် လာလီဂါ နှစ်လိဂ်ပေါင်းထက် ပိုမိုများပြား

Football

၂၀၁၄-၁၅ ခုနှစ်တွင် ပရီးမီးယားလိဂ်အသင်းများ ပေးချေရသည့် လစာငွေသည် ပေါင် ၂ ဘီလီယံ ကျော်ရှိခဲ့ပြီး ထိုပမာဏမှာ လာလီဂါနှင့် စီးရီးအေ လိဂ်နှစ်ခုပေါင်းထက် ပိုမိုများပြားနေသည်ကို တွေ့ရှိခဲ့ရသည်။

ပရီးမီးယားလိဂ်သည် ရုပ်သံဝင်ငွေများစွာ တိုးလာသည့်အတွက် ပြိုင်ပွဲဝင်အသင်းများမှာ ကစားသမားများကို မြင့်မားသည့်လစာငွေ ပေးအပ်နိုင်ခဲ့ကြပြီး ယခုကဲ့သို့ များပြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၄-၁၅ ခုနှစ်တွင် လာလီဂါအသင်းများ၏ စုစုပေါင်းလစာငွေမှာ ပေါင် ၉၇၇ သန်းသာ ရှိခဲ့ပြီး စီးရီးအေမှာ ပေါင် ၉၈၆ သန်း ရှိခဲ့သည်။

ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါ၊ ပြင်သစ်လိဂ် စသည့် ဥရောပထိပ်သီးလိဂ်ငါးခုတွင် အင်္ဂလိပ်ကလပ်အသင်းများသည် ၀င်ငွေရရှိမှုပိုင်း၌လည်း အမြင့်ဆုံးဖြစ်ပြီး ပေါင် ၃.၃ ဘီလီယံကျော် ရရှိခဲ့သည်။ ပရီးမီးယားလိဂ်၏ နောက်တွင် ဘွန်ဒက်စ်လီဂါက ရပ်တည်ခဲ့ပြီး ၀င်ငွေ ပေါင် ၁.၈ ဘီလီယံ ရရှိခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ၂၀၁၆-၁၇ ရာသီမှစတင်ပြီး သုံးနှစ်စာ ရုပ်သံစာချုပ်အဖြစ် ပေါင် ၈.၃ ဘီလီယံ ရရှိဦးမည် ဖြစ်သည့်အတွက် လစာငွေပမာဏမှာ ယခုထက် ပိုမို မြင့်တက်လာဦးမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်


Leave a Reply