အစ္စတန်ဘူလေဆိပ် အသေခံတိုက်ခိုက်မှုတွင် ၃၂ ဦး သေဆုံး ၈၈ ဦး ဒဏ်ရာရ

Istanbul-airport-suicide-attack

အစ္စတန်ဘူ၊ ဇွန် ၂၉

တူရကီနိုင်ငံ၏ မြို့တော်အစ္စတန်ဘူရှိ အတာတာ့ခ်လေဆိပ်တွင် ဇွန်  ၂၈ ရက်က အသေခံဗုံးခွဲမှုနှင့်  ပစ်ခတ် တိုက်ခိုက်မှုတို့ကြောင့် ၃၂ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားသည်။

ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် သေနတ်သမားများက လေဆိပ်ဝင်ပေါက်ရှိ လုံခြုံရေးများကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့ တစ်ဦးချင်းစီက ဗုံးများဖြင့် ကိုယ့်ကိုယ်ကို အသေခံခွဲခဲ့ကြကြောင်း  တူရကီ အာဏာပိုင် များက ပြောကြားသည်။

အသေခံတိုက်ခိုက်သူများကြောင့် ရဲနှစ်ဦးအပါအ၀င် ၃၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၈၈ ဦး ဒဏ်ရာရသွားကြောင်း ပုဂ္ဂလိကပိုင် ဒိုဂန် သတင်းဌာနက ထုတ်ပြန်သည်။

ယခုဖြစ်ပွားသည့်  တိုက်ခိုက်မှုသည် ၂၀၁၆ ခုနှစ်အတွင်း လေးကြိမ်မြောက်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက အကြမ်းဖက်တိုက်ခိုက်မှု တိုက်ဖျက်ရေးတွင် ၀ိုင်းဝန်းကူညီကြ ရန် သမ္မတတေရစ်အာဒိုဂန်က ပြောကြားသည်။

မွတ်စလင် ဥပုသ်လဖြစ်သည့် ဇွန် ၂၈ ရက်ည တိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်းက ပြုလုပ်ကြောင်း မသိရသေးဘဲ အဆိုပါ လေဆိပ်တွင် လေယာဉ် အ၀င် အထွက်များကို ရပ်ဆိုင်းထားသည်။ အစ္စတန်ဘူ အုပ်ချုပ်ရေးမှူး  ဗာဆစ်ဆာဟင်က  တိုက်ခိုက်မှုတွင် အသေခံဖောက်ခွဲသမား သုံးဦးပါဝင်ခဲ့ကြောင်း ပြောကြားသည်။ ပေါက်ကွဲမှုနှစ်ခုအား လုံခြုံရေးကင်မရာတွင် တွေ့ရှိခဲ့ရပြီး လူမှုကွန်ရက်မီဒီယာများသို့ ပျံ့နှံ့သွားခဲ့သည်။

တူရကီနိုင်ငံတွင် ယမန်နှစ်အတွင်းက လူသေဆုံးမှုများရှိခဲ့သည့် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားခဲ့ရာ ကာ့ဒ် သူပုန်များနှင့်  အစ္စလမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့တို့က ပြုလုပ်ခဲ့ကြောင်း အစိုးရက ပြောကြားသည်။

မတ်လအတွင်းကလည်း ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ လေဆိပ်တစ်ခုနှင့် ရထားဘူတာတစ်ခုတို့တွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ၃၂ ဦး သေဆုံးခဲ့သည်။

-Ref; CNA


Leave a Reply