သူလျှိုဟောင်းကို ဓာတုပစ္စည်းနှင့်လုပ်ကြံတိုက်ခိုက်မှုမှာ ရုရှားတို့လက်ချက်ဟု အမေရိကန်ယုံကြည်

ကုလသမဂ္ဂ၊ မတ် ၁၅

ဗြိတိန်၌ ရုရှားစပိုင်ဟောင်းတစ်ဦး အာရုံကြောကိုထိခိုက်စေသော ဓာတုပစ္စည်းနှင့်တိုက်ခိုက်ခံရမှုနောက်ကွယ်၌ အဓိကတာဝန်ရှိသူမှာ ရုရှားတို့သာဖြစ်သည်ဟု အမေရိကန်တို့ဘက်မှ ယုံကြည်ကြောင်း ကမ္ဘာ့ကုသလမဂ္ဂ၌ အမေရိကန်သံအမတ် နစ်ကီဟာလေက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“စစ်သုံးအာရုံကြောလက်နက်ကိုအသုံးပြုပြီး ဗြိတိန်က ရုရှားစပိုင်ဟောင်းတစ်ဦးနဲ့ အခြားလူတစ်ဦးကို တိုက်ခိုက် ခဲ့တဲ့ဖြစ်စဉ်နောက်ကွယ်က အဓိကတာဝန်ရှိသူဟာ ရုရှားတို့ဖြစ်တယ်လို့ အမေရိကန်ဘက်မှ ယုံကြည်ပါတယ်” ဟု ဟာလေက ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အရေးပေါ်ဆွေးနွေးပွဲ ပြုလုပ်စဉ် တွင် ပြောကြားခဲ့သည်။

ရုရှားသံတမန် ၂၃ ဦး ဗြိတိန်မောင်းထုတ်

လန်ဒန်မြို့က ရုရှားသံရုံး

ဗြိတိန်မြေပေါ်မှာ ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူ Yulia တို့ကို ရုရှားလုပ် အာရုံကြော ထိခိုက်စေတဲ့ အဆိပ်သုံး တိုက်ခိုက်မှု ဘယ်လိုဖြစ်ပွါးခဲ့တယ်ဆိုတာ ဖြေရှင်းဖို့ ရုရှားကိုတောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှမတုန့်ပြန်ခဲ့တဲ့အတွက် ရုရှား သံအမှုထမ်း ၂၃ ဦးကို ဗြိတိန်က နှင်ထုတ်တာအပါအဝင် အရေးယူတုန့်ပြန်မှုတွေလုပ်လိုက်ကြောင်း ဗြိတိသျှအစိုးရက ကြေညာပါတယ်။

အိုင်စီစီကနေ ဖိလစ်ပိုင်နှုတ်ထွက်ဖို့ ဒူတာတေး စီစဉ်နေ

နိုင်ငံတကာရာဇ၀တ်မှုခုံရုံး (အိုင်စီစီ) အပေါ် ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာသဘောတူ စာချုပ်ကနေ ဖိလစ်ပိုင်နှုတ်ထွက်ပြီဆိုပြီး သမ္မတ ရိုဒရီဂို ဒူတာတေးက မတ်လ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

၎င်းလက်ထက် လုပ်ဆောင်နေတဲ့ မူးယစ်စစ်ပွဲအပေါ် စုံစမ်းစစ်ဆေးမှုများလုပ်နေတဲ့ အိုင်စီစီကနေ ထွက်ဖို့ ယခုလို သမ္မတ ဒူတာတေး ဘက်က ပြင်ဆင်လုပ်ဆောင်လာတာဖြစ်ပါတယ်။

ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဗင်ဟောကင်း ကွယ်လွန်

ကမ္ဘာကျော် ဗြိတိသျှ သိပ္ပံ ပညာရှင်ကြီး စတီဗင် ဟောကင်း (အသက် ၇၆ နှစ်) ကွယ်လွန်သွားပြီလို့ မိသားစု ပြောခွင့်ရသူက ပြောပါတယ်။

စတီဗင်ဟောကင်းဟာ “အချိန်ရဲ့သမိုင်းအကျဉ်း” စာအုပ် အပါအဝင် နာမည်ကြီး သိပ္ပံဆိုင်ရာ ကျမ်းတွေ ပြုစုခဲ့သလို စကြ၀ဠာ အာကာသထဲက တွင်းနက်တွေ အကြောင်းနဲ့ နှိုင်းရ သဘောတရား တွေမှာလည်း အကြီးအကျယ် ပြောင်းလဲစေခဲ့သူ အဖြစ် လူသိများပါတယ်။

အရှေ့တောင်အာရှရဲ့ IS ခေါင်းဆောင် မလေးရှားနိုင်ငံသား ဖြစ်လာဖွယ်ရှိ

ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက မာရာဝီမြို့ကို သိမ်းယူခဲ့တဲ့ အစ္စလာမ္မစ် အစွန်းရောက်တပ်တွေကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ မလေးရှားနိုင်ငံသား အာမင်- ဘာကူးဟာ ဒေသတွင်း အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် ဖြစ်လာတော့မယ်လို့ မလေးရှား အမျိုးသားလုံခြုံရေးအဖွဲ့ အရာရှိကြီးတဦးကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကို ရာထူးမှဖယ်ရှား

မြောက်ကိုးရီးယား၊ ရုရှားနဲ့ အီရန်အရေးကိစ္စတွေအပေါ်မှာ သဘောထားကွဲတဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကို မတ်လ ၁၃ ရက်နေ့က ရာထူးကနေ ချက်ချင်းဖယ်ရှားလိုက်ပါတယ်။

ဒီ့နောက် သမ္မတနဲ့ ပိုပြီးနီးနီးကပ်ကပ်ရှိတဲ့ CIA ညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဒီလို ရာထူးကနေ ဖယ်ရှားလိုက်တာကို သမ္မတ ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ တကမ္ဘာလုံးသိအောင် ရေးသားခဲ့ပါတယ်။

နျူကလီးယား ဖျက်သိမ်းရေး ခိုင်မာတိကျစွာ ဆောင်ရွက်ပြရန် မြောက်ကိုရီးယားကို ဂျပန်တောင်းဆို

နျူကလီးယား ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ခိုင်မာတိကျသည့် ဆောင်ရွက်မှုမျိုး ပြသရန် မြောက်ကိုရီးယားကို ဂျပန် အစိုးရက တိုက်တွန်းလိုက်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယား အနေဖြင့် ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယားလက်နက် ကင်းစင်ရေး ဆွေးနွေးညှိနှိုင်းရန် လိုလားမှု ပြသလာသည့်အပေါ် ကြိုဆိုကြောင်း မတ်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရကို လယ်သမားတွေ ဆန္ဒပြ

Photo: AFP

 

အိန္ဒိယနိုင်ငံမှာ အစိုးရကို ဆန္ဒပြတဲ့ ထောင်နဲ့ချီတဲ့ လယ်သမားတွေ မွမ်ဘိုင်းမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။

သီတင်းတစ်ပတ်တာ လမ်းလျှောက်ချီတက်ခြင်းဖြင့် မိုင် ၁၂၄ မိုင်ကို လမ်းလျှောက်ချီတက်ကာ မတ် ၁၁ ရက်တွင် မွမ်ဘိုင်းမြို့သို့ ရောက်ရှိသည်။

နီပေါ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ ဦးရေ ၅၀ မျှထိ မြင့်တက်လာ

နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူ ဦးရေ ၅၀ မျှထိ မြင့်တက်လာကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မတ်လ ၁၂ ရက် ညနေပိုင်းက ခတ္တမန္ဒူမြို့တော်ရှိ ထရစ်ဘ်ဟူဗန် လေဆိပ်တွင် လူ ၇၁ ဦး စီးနင်းလိုက်ပါလာသည့် ခရီးသည်တင် လေယာဉ် ဆင်းသက်ရင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေဆိပ်၏ စီမံအုပ်ချုပ်ရေး မန်နေဂျာ ရက်ဂျက်ကူမာ ချန်ထရီက လေယာဉ်သည် ဆင်းသက်သည့် လမ်းကြောင်းယူပုံ မှားယွင်းပြီး ချဉ်းကပ်လာခဲ့ကြောင်း ဆိုသည်။

အသံထက် ၁၀ ဆမြန်သော Kinzhal ဒုံးကျည်ကို ရုရှားနိုင်ငံ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

ရုရှား၏ MIG-31 တိုက်လေယာဉ်တစ်စီးမှ အသံထက်အဆများစွာမြန်သော Kinzhal ဒုံးကျည်အား ပစ်လွှတ်မှုကို မြင်တွေ့ရစဉ် (RU-RTR Russian Television/AP)

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုလအစောပိုင်း ကြေညာခဲ့သည့် နျူထိပ်ဖူးသယ်ဆောင်နိုင်စွမ်းရှိသော လက်နက်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် အသံထက် အဆများစွာ မြန်သော Kinzhal ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားက ပြောကြားသည်။