နီပေါ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ ဦးရေ ၅၀ မျှထိ မြင့်တက်လာ

နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူ ဦးရေ ၅၀ မျှထိ မြင့်တက်လာကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မတ်လ ၁၂ ရက် ညနေပိုင်းက ခတ္တမန္ဒူမြို့တော်ရှိ ထရစ်ဘ်ဟူဗန် လေဆိပ်တွင် လူ ၇၁ ဦး စီးနင်းလိုက်ပါလာသည့် ခရီးသည်တင် လေယာဉ် ဆင်းသက်ရင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေဆိပ်၏ စီမံအုပ်ချုပ်ရေး မန်နေဂျာ ရက်ဂျက်ကူမာ ချန်ထရီက လေယာဉ်သည် ဆင်းသက်သည့် လမ်းကြောင်းယူပုံ မှားယွင်းပြီး ချဉ်းကပ်လာခဲ့ကြောင်း ဆိုသည်။

“လေယာဉ်ရဲ့ ဦးတည်မှုက ပြေးလမ်းနဲ့ အသားတကျ ဖြစ်မနေပါဘူး။ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်က လေယာဉ်မှူးကို အဆင်ပြေရဲ့လားလို့ အကြိမ်ကြိမ် လှမ်းမေးတယ်။ အဆင်ပြေတယ်လို့ပဲ ပြန်ဖြေပါတယ်”ဟု ချန်ထရီက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ပိုင် US-Bangla လေကြောင်းလိုင်းမှ လေယာဉ်သည် ဒါကာမြို့မှ ခတ္တမန္ဒူသို့ ဦးတည် ပျံသန်းလာခြင်း ဖြစ်သည်။ လေယာဉ်ပျက်ကျရမှု အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းဆိုင်ရာ Black Boxများကိုမူ ရရှိထားပြီ ဖြစ်သည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၆၇ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အမှုထမ်း ၄ ဦးတို့ လိုက်ပါခဲ့ကြသည်။ လေယာဉ်သည် မြေပြင်နှင့် ဆောင့်ရိုက်သကဲ့သို့ ဖြစ်သွားပြီး ကျေမွ ပျက်စီးကာ အစိတ်အပိုင်း အချို့လည်း မီးလောင်ကျွမ်းခဲ့သည်။

အခင်းဖြစ်ရာ နေရာ၌ အလောင်း ၄၀ ကို ရှာတွေ့ခဲ့ပြီး အခြားသူများမှာ ဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေမှုသေခင်း စစ်ဆေးမှုများကို ခတ္တမန္ဒူရှိ တိချင်းဆေးရုံမှ ရင်ခွဲရုံတွင် ပြုလုပ်သွားမည်ဟု ရဲများက ဆိုသည်။

နီပေါအစိုးရက လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ထိရောက်စွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မှာကြားထားသည်။ ဝန်ကြီးချုပ်ရုံးက အစိုးရ၏ ဌာနဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့တစ်ခုကို စုံစမ်းရေး ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် စေလွှတ်သွားမည်ဟု ထုတ်ပြန်ထားကြောင်းလည်း သိရှိရသည်။

Ref: Time