မြောက်ကိုရီးယားကို ရှုတ်ချပြစ်တင်ရန် ကုလသို့ အမေရိကန်တိုက်တွန်းသော်လည်း တရုတ်နှင့် ရုရှားက အမေရိကန်ကို ပြန်လည် အပြစ်တင်

မြောက်ကိုရီးယား၏ တရားမဝင် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ရှုတ်ချပြစ်တင်ရန် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တနင်္လာနေ့က တိုက်တွန်းခဲ့သော်လည်း တရုတ်နှင့် ရုရှားတို့က မြောက်ကိုရီးယားကို ပစ်မှတ်ထား၍ စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့်လာသည့်အတွက် အမေရိကန်ကို ပြန်လည်အပြစ်တင်ပြောဆိုခဲ့သည်။

အရေးပေါ်အစည်းအဝေးတွင် အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား ပြောကြားရာတွင် အမေရိကန်သည် သမ္မတ၏ ထုတ်ပြန်ချက်တစ်ရပ်ကို အခြေခံ၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် ၁၅ ဦးစလုံးအနေဖြင့် မြောက်ကိုရီးယား၏ မကြုံစဖူး ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို ရှုတ်ချရန် သဘောတူသင့်ကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် နိုင်ငံတကာလုံခြုံရေးကို လိုက်နာရန် တိုက်တွန်းသင့်ကြောင်း ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ၏ ဥက္ကဌ၏ ထုတ်ပြန်ချက်တွင်မူ မြောက်ကိုရီးယား၏ အရင်းနှီးဆုံးမဟာမိတ်များဖြစ်ကြသည့် တရုတ်နှင့် ရုရှားအပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ထောက်ခံမှုရရှိမှသာလျှင် ထိုသို့ပြစ်တင်ရှုတ်ချနိုင်မည် ဖြစ်ကြောင်း ပြန်လည်ပြောကြားထားသည်။