ပူတင် က နျူကလီးယားစာချုပ်ကို ဆိုင်းငံ့လိုက်ချိန် ယူကရိန်းကို ဆက်လက်ထောက်ခံမယ်လို့ ဘိုင်ဒန် ပြောကြား

အင်္ဂါနေ့က နာရီပိုင်းသာခြားတဲ့ မိန့်ခွန်းနှစ်ရပ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင် က အမေရိကန်နဲ့ ချုပ်ဆိုထားပြီး နောက်ဆုံးကျန်ရှိတဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူညီချက်ကို ဆိုင်းငံ့လိုက်ကြောင်း ပြောကြားခဲ့ပြီးနောက်မှာပဲ ပိုလန်နိုင်ငံ ဝါဆောမြို့မှာရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က ယူကရိန်းကို အနောက်တိုင်းရဲ့ ထောက်ပံ့ကူညီမှုတွေ ယိမ်းယိုင်သွားမှာ မဟုတ်ကြောင်း ပြောကြားပါတယ်။

ဒီမိုကရေစီနိုင်ငံတွေကို ကာကွယ်သွားမယ်လို့  ဂျိုးဘိုင်ဒန် က ပြောကြားခဲ့သလို အနောက်တိုင်းက ရုရှားအတွက် ခြိမ်းခြောက်မှု ဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။

ရုရှား က ယူကရိန်းကို ကျူးကျော်ချိန်မှာ ယူကရိန်း နိုင်ငံသာ စမ်းသပ်ခံရတာမဟုတ်ဘဲ တစ်ကမ္ဘာလုံး စမ်းသပ်မှု ရင်ဆိုင်ရတာဖြစ်ကြောင်း နဲ့ ယူကရိန်း အတွက် နေတိုးအဖွဲ့ရဲ့ ကူညီထောက်ပံ့မှု က ယိမ်းယိုင်သွားမှာ မဟုတ်သလို နေတိုးအဖွဲ့ကလည်း စည်းလုံးမှု ပျက်သွားမှာ မဟုတ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန် ကပြောကြားပါတယ်။

ဘိုင်ဒန် မိန့်ခွန်းမတိုင်ခင် နာရီပိုင်းက ရုရှား ရဲ့ စစ်ဘက်နဲ့ နိုင်ငံရေးထိပ်တန်းခေါင်းဆောင်တွေကို သမ္မတ ပူတင် က မိန့်ခွန်းပြောကြားရာမှာတော့ အမေရိကန်က ယူကရိန်းစစ်ပွဲကို ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခအဖြစ် ပြောင်းလဲပစ်နေ ကြောင်း နဲ့ အမေရိကန် နဲ့ ချုပ်ဆိုထားတဲ့ New START မဟာဗျူဟာလက်နက်လျော့ချရေး သဘောတူညီချက်မှာ ရုရှားရဲ့ ပါဝင်မှုကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

 

-Ref: Reuters