အီလွန်မာ့စ် က တက်စလာ ရှယ်ယာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ နီးပါးကို ရောင်းချ

လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ သူဌေး အီလွန်မာ့စ် က အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅ ဘီလီယံ တန်ဖိုးရှိ ရှယ်ယာ ၁၉ ဒသမ ၅ သန်းကို ရောင်းချလိုက်ကြောင်းကို အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းကြီးကြပ်အဖွဲ့ရဲ့ စာရင်းတွေ အရ သိရပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က တွစ်တာ ကို အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ နဲ့ ဝယ်ယူလိုက်ပြီး သီတင်း နှစ်ပတ် မပြည့်သေးခင်မှာ ခုလို ရောင်းချမှု ဖြစ်ပေါ်လာတာပါ။

Tesla ရဲ့ ရှယ်ယာဈေးနှုန်းကလည်း ဒီနှစ် နှစ်စပိုင်းကထက်စာရင် တန်ဖိုး ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ သီးခြားအနေနဲ့ ပါဝါ စတီယာရင် ပြဿနာကြောင့် Tesla က အမေရိကန်နိုင်ငံမှာ ကားအစီးရေ  ၄၀ ၀၀၀ ကို ပြင်ဆင်ပေးဖို့ ပြန်လည် ခေါ်ယူနေကြောင်း သိရပါတယ်။

တွစ်တာကို လွှဲပြောင်း ရယူလိုက်ကြောင်း  ဒီနှစ်စောစောပိုင်းမှာ အီလွန်မာ့စ် က ကြေညာပြီးနောက်ပိုင်းမှာ သူက အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံဖိုးအထိ Tesla ရှယ်ယာတွေကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

တွစ်တာကို လွှဲပြောင်း ရယူပြီးနောက်မှာလည်း အီလွန်မာ့စ် က တွစ်တာ ဝန်ထမ်း ၅၀ ရာခိုင်နှုန်းလောက်ကို ထုတ်ပယ်ခဲ့ပါတယ်။ တွစ်တာက တစ်နေ့ကို ကန်ဒေါ်လာ ၄ သန်း အရှုံးပြနေလို့ ရွေးချယ်စရာမရှိဘဲ အလုပ်ထုတ်တာတွေ လုပ်ရတာ ဖြစ်တယ်လို့ အီလွန်မာ့စ်က ပြောပါတယ်။

-Ref:BBC