နည်းပညာမြင့် လျှပ်စစ်ကားများထုတ်လုပ်ရန် ဆိုနီနှင့် ဟွန်ဒါကုမ္ပဏီပူးပေါင်း

ဂျပန် စက်မှုလုပ်ငန်းစုကြီးတွေဖြစ်တဲ့ ဆိုနီနဲ့ ဟွန်ဒါကုမ္ပဏီတို့ဟာ နည်းပညာမြင့် လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့အတွက် ပူးပေါင်းလိုက်ကြပြီး ဒီလျှပ်စစ်ကားတွေကို ၂၀၂၆ ခုနှစ်မှာ ဈေးကွက်မှာ ရောင်းချဖို့ ရည်မှန်းနေပါတယ်။

ဖက်စပ်ပူးပေါင်းပြီး လျှပ်စစ်ကားတွေ ထုတ်လုပ်မယ့်လုပ်ငန်းကို Sony Honda Mobility လို့ အမည်ပေးထားပြီး သမားရိုးကျ အယူအဆတွေကို ဖောက်ထွက်ကာ မိမိတို့ရဲ့ ဖောက်သည်တွေအတွက် တန်ဖိုးမြင့်ထုတ်ကုန်တွေ ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ Sony Honda Mobility ရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအို ဖြစ်သူ မီဇူနိုယာဆူဟီဒီကပြောပါတယ်။ ရွေ့လျားသွားလာမှုနဲ့ သတင်းအချက်အလက်နည်းပညာပေါင်းစပ်မှုကို အခိုင်အမာ မြှင့်တင်ပေးဖို့ ရည်ရွယ်ထားပြီး အဆင့်မြင့် လျှပ်စစ်ကား ကြိုတင်အမှာစာတွေကို ၂၀၂၅ ခုနှစ်မှာ စတင်လက်ခံသွားမှာဖြစ်ကာ နောက်နှစ်မှာတော့ အမေရိကန်နဲ့ ဂျပန်က ဖောက်သည်တွေထံ ရောင်းချသွားမယ်လို့ သူကပြောပါတယ်။

အဲဒီလျှပ်စစ်ကားတွေကို မြောက်အမေရိကမှာရှိတဲ့ ဟွန်ဒါရဲ့စက်ရုံတစ်ရုံမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး အဆင့်မြင့် အလိုအလျောက်စနစ်တွေနဲ့ပေါင်းစပ်ကာ ဆော့ဖ်ဝဲနည်းပညာတွေ ပါဝင်မယ်လို့ ကုမ္ပဏီက ထုတ်ဖော် ပြောဆိုထားပြီး ရောင်းချမယ့်ဈေးနှုန်းကိုတော့ လက်ရှိမှာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။