၂၀၂၁-၂၂ ဘောလုံးရာသီ စီးရီးအေအကောင်းဆုံးဘောလုံးသမားဆုကို လီယာအိုနှင့် အကောင်းဆုံးနည်းပြဆုကို ပီအိုလီ ဆွတ်ခူး

၂၀၂၁-၂၂ ဘောလုံးရာသီ စီးရီးအေ အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က ကျင်းပခဲ့ပြီး စီးရီးအေချန်ပီယံ အေစီမီလန်အသင်းမှ ပေါ်တူဂီတောင်ပံတိုက်စစ်ကစားသမား လီယာအိုက အကောင်းဆုံးဘောလုံးသမားဆုနှင့် နည်းပြ ပီအိုလီက အကောင်းဆုံးနည်းပြဆုများ ရရှိခဲ့သည်။

ယင်းဆုပေးပွဲကို အီတလီဘောလုံးအ ဖွဲ့ချုပ်နှင့် အီတလီကစားသမားများ အစည်းအရုံးက ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး အကောင်းဆုံးဆုများကို မဲပေးရွေးချယ်ခြင်းဖြစ်သည်။ အသက် ၂၃ နှစ်အရွယ်သာရှိသေးသူ လီယာအိုသည် စီးရီးအေ ချန်ပီယံအသင်းအတွက် အဓိကကစားသမား တစ်ဦးဖြစ်ခဲ့ပြီး လိဂ်ပွဲ ၃၄ ပွဲတွင် ၁၁ ဂိုးသွင်းယူ၊ ၁၀ ဂိုးဖန်တီးခဲ့ကာ အကောင်းဆုံးဘောလုံးသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့သည်။

အကောင်းဆုံးနည်းပြဆုရှင် ပီအိုလီမှာမူ အေစီမီလန်အသင်းကို ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး စီးရီးအေချန်ပီယံဆု ရယူခဲ့ပြီး သူ၏နည်းပြသက်တမ်းတစ်လျှောက်တွင်လည်း ပထမဆုံးဆုဖလားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သည်။

အခြားဆုများတွင် အကောင်းဆုံးဂိုးသမားဆုကို အေစီမီလန်အသင်းမှ ပြင်သစ်ကစားသမား မီနွန်၊ အကောင်းဆုံးနောက်ခံလူဆုကို တိုရီနိုအသင်းမှ ဘရာဇီးလ်ကစားသမား ဘရေမာ၊ အကောင်းဆုံးကွင်းလယ်လူဆုကို အင်တာမီလန်အသင်းမှ ခရိုအေးရှားကွင်း လယ်လူ ဘရိုဇိုဗစ်၊ အကောင်းဆုံးတိုက်စစ်မှူးဆုကို လာဇီယိုအသင်းမှ အီတလီကစားသမား အီမိုဘီလီ၊ အကောင်းဆုံးလူငယ်ကစားသမားဆုကို နာပိုလီအသင်းမှ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆင်မန်၊ အကောင်းဆုံးအသင်းဆုကို အေစီမီလန်အသင်း၊ အကောင်းဆုံး အမျိုးသမီးဘောလုံး သမားဆုကို ဂျူဗင်တပ်စ်အသင်းမှ အီတလီနောက်ခံလူ ဘိုအက်တင်၊  အကောင်းဆုံးဒိုင်လူကြီးဆုကို အော်ဆာတို၊  အကောင်းဆုံးသွင်းဂိုးဆုကို အေစီမီလန်အသင်းမှ ပြင်သစ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ် တို့က ဆွတ်ခူးရရှိခဲ့ကြသည်။

စီးရီးအေ အကောင်းဆုံးအသင်းတွင် ဂိုး-မီနွန်၊ နောက်တန်း- ဒီလော်ရန်ဇို၊ တိုမိုရီ၊ ဘရေမာ၊ သီယိုဟာနန်ဒက်ဇ်၊ အလယ်တန်း- မီလင်ကိုဗစ်၊ ဘရိုဇိုဗစ်၊ ဘာရယ်လာ၊ ရှေ့တန်း- လီယာအို၊ အီမိုဘီလီ၊ ဗလာဟိုဗစ်တို့ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။