အစိုးရယန္တရား ရပ်တန့်မှု အဆုံးသတ်ရေး ဆွေးနွေးရန် အသင့်ရှိဟု သမ္မတ ထရမ့် ပြော

အမေရိကန်အစိုးရယန္တရား ရပ်တန့်တာကို အဆုံးသတ်ဖို့အတွက် ရွေးချယ်စရာတွေကို ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ကွန်ဂရက်က ရန်ပုံငွေ  ၅ ဘီလျံ ခွင့်ပြုပေးဖို့ ထရမ့်က တောင်းဆိုတာကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့ကစပြီး အစိုးရယန္တရား လေးပုံတပုံလောက် ရပ်ဆိုင်းခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့က ထရမ့်ရဲ့ တံတိုင်းရန်ပုံငွေ အပါအဝင် ရီပတ်ဘလစ်ကန်တွေ ထောက်ခံတဲ့ ဥပဒေကို ပြဋ္ဌာန်းဖို့ အထက်လွှတ်တော်မှာ လိုအပ်တဲ့ မဲအရေအတွက်ကို မရရှိခဲ့ပါဘူး။

အဲဒီ လိုအပ်တဲ့ မဲအရေအတွက် ၆၀ ရရှိဖို့ ဒီမိုကရက်တချို့ရဲ့ ထောက်ခံမှု လိုအပ်မှာ ဖြစ်ပါတယ်။

အစိုးရယန္တရား ရပ်တန့်သွားတဲ့ ကာလအတွင်း သမ္မတ ထရမ့်ဟာ ဖလော်ရီဒါ အပန်းဖြေခရီးသွားမယ့် အစီအစဉ်ကို ပယ်ဖျက်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဒီမိုကရက်တွေအနေနဲ့ အချိန်မရွေး လာရောက်ဆွေးနွေး နိုင်တယ်လို့ ပြောခဲ့ပါတယ်။

သမ္မတ ထရမ့်က သူဟာ ဝါရှင်တန်မှာရှိနေပြီး အဲဒီလို ရပ်တန့်တာကို အဆုံးသတ်ဖို့အတွက် ဆွေးနွေးဖို့် အဆင်သင့် ရှိတယ်လို့ ပြောပါတယ်။

DVB